Sunday, September 13, 2009

ခေါင်းဆောင်ကောင်းတစ်ဦး

ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ၀င်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။

ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်းလူငယ် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ
စီးပွားရေး နယ်ပယ်တွင် လူသိများသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့် မတိမ်းမယိမ်း ၆၀ ခန့်ရှိမည်။ ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က ဤကျောင်းမှ ကျောင်းပြီး သွားသော အဆင့်တစ်ရ MBA ကျောင်းသား တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဆရာ၏အထက်တန်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ သူ၏ပညာအရည်အချင်းမှာ အထက်တန်း အောင်ရုံမျှသာဖြစ်သည်။

ဆရာက ဤဧည့်သည်တော် နှစ်ဦးသည် “ခေါင်းဆောင်ကောင်းတစ်ဦး” ဟုသော ခေါင်းစဉ်ကို မိနစ်၂၀ကြာမျှ ဟောပြောကြမည်ဖြစ်ပြီး သူတို့ဟောပြောသော ခြားနားချက်ကို ကျောင်းသားများက ရေးမှတ် ရမည်ဖြစ်သည်။ ပထမဦးစွာ အဆင့်တစ်ရ ကျောင်းသားက မိနစ်(၂၀) အချိန်တိုတို အတွင်းတွင် နာမည်ကြီး ခေါင်းဆောင် ငါးဦးတို့၏ အတွေ့အကြုံနှင့် ဦးဆောင်ပုံများကို ပြောခဲ့သည်။ ထိုသူငါးဦးမှာ GE(General Electric) မှ Jack Welch၊ Intel မှ Andrew S. Grove၊ စီမံခန့်ခွဲမှုး Peter F. Drucker နှင့် ထိုင်ဝမ်မှ နာမည်ကြီး နှစ်ဦးလည်းပါဝင်သည်။ ထိုသူငါးဦး၏ ဦးဆောင်နည်းမှာ ခေါင်းဆောင်ကောင်းတစ် ဦးတွင် ရှိသင့်သည်ဟု ပြောကြားခဲ့သည်။

လူငယ်မှာ ယုံကြည်မှုအပြည့်နှင့် ပြောဟောအပြီး မိုက်ခရိုဖုန်းကို နောက်လူအား ကမ်းလိုက်သည်။ ထိုသူမှာ တစ်ချက်ပြုံးပြီး စကားစလိုက်သည်။ “ ဒီ ခေါင်းဆောင်းကောင်း တစ်ဦး ဆိုတဲ့ခေါင်းစဉ်ကို ကျွန်တော် စကား တစ်ခွန်းထဲနဲ့ပဲ အပြီးသတ်လိုက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ကို အချောင်ခိုတယ် ထင်မှာဆိုလို့ ဒီစကား တစ်ခွန်းကို မိနစ်(၂၀)အသုံးပြုပြီး ကျွန်တော်ပြောရတော့မယ်။ ဒီဦးဆောင်မှုကို ရှုပ်ထွေးအောင် လုပ်ခဲ့မိတဲ့ ကျွန်တော့်အဖြစ်လို့ နောင်တစ်ချိန်မှာ မကြုံကြစေဖို့ မျှော်လင့်ပါတယ်”

“ကျွန်တော့်လုပ်သက် အနှစ်(၄၀)လုံးလုံးမှာ ကျွန်တော်သိချင်တဲ့ ကိစ္စတစ်ခုကို မပြတ်လေ့လာခဲ့မိတယ်။ အဲတာကတော့ ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ လူတွေဟာ “ငွေ” ကြောင့်မဟုတ်ဘဲ “စိတ်”ကြောင့်လားဆိုတာပါပဲ။ အဲတာကို သိဖို့ အနှစ်(၄၀)လုံး ကျွန်တော် လေ့ကျင့်ခဲ့ရတယ်”
(ဤနေရာတွင် “စိတ်”ကြောင့်ဆိုသည်မှာ စိတ်ပါလက်ပါ ကိုဆိုလိုခြင်းဖြစ်ပြီး “ငွေ”ကြောင့် ဆိုသည်မှာ လခဖြစ်သည်)

“ငွေ”ကြောင့်ဆိုတာက လုပ်ရတာ လွယ်ပါတယ်။ စီမံခန့်ခွဲတဲ့ ပညာရှိရင် လုံလောက်ပါပြီ။ ဒါပေမယ့် “စိတ်”ကြောင့်ဆိုတာက ခက်တယ်။ ၀န်ထမ်းတွေ ကိုယ့်ကို စိတ်ထဲကနေ လက်ခံလာဖို့လိုတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးဆိုတာ အကျယ်တ၀င့် ပြောနေစရာ မလိုဘူး.. “ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ဖို့ သင်ယူနေတာဟာ လူလုပ်တတ်ဖို့ သင်ယူနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ခုနားခေါင်းစဉ်ကို ပြောချင်ပါတယ်”

“ဒီခေါင်းစဉ်ကို ဘာမှ နားမလည်တဲ့အဆင့်၊ ပ ရာထူး၊ ဒု ရာထူး၊ တ ရာထူးကနေ သူဌေးအထိ အဆင့်(၅)ခုခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ လူလုပ်တတ်ဖို့အတွက် အဆင့်တစ်ဆင့်ချင်းကို ကျွန်တော်လေ့လာခဲ့တယ်။ အဆင့်(၅)ဆင့်ထဲကို နှစ်(၄၀)လောက် ကျွန်တော် ဖြုန်းခဲ့ရတယ်။ ကျွန်တော်ကျောင်းပြီးစ ဘာမှမသိ နားမလည်တဲ့ အချိန်တုန်းက No ဆိုတာကို နည်းနည်းပဲ ပြောပြီး Yes ဆိုတာကို များများပြော တတ်အောင် ကျင့်ခဲ့တယ်။ အလုပ်ကပေးတဲ့ ကိစ္စတွေ ဘယ်လောက်ခက်ခဲပါစေ ကျွန်တော် Noလို့ မပြောဘူး။ အဲဒီကိစ္စကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ ကျွန်တော်စဉ်းစားတယ်။ အဲဒီလို လေ့ကျင့်တာ ကြာလာတော့ ကိုယ့်ကို တဖြေးဖြေး ကြီးပြင်းလာပြီလို့ ခံစားမိတယ်”

“အဲဒီလိုနဲ့ ရာထူးတက်ပြီး ပထမအဆင့်ကို ရောက်တော့ နည်းနည်းပြောပြီး များများနား ထောင်တတ် အောင် ကျင့်ခဲ့တယ်။ နားထောင်နိုင်တဲ့ အချိန်မှာ ကျွန်တော် နုတ်မဟခဲ့ဘူး။ သူတို့ပြောတဲ့ စကားတွေထဲက ဘယ်အရာဟာ အရေးကြီးသလဲ ဆိုတဲ့အချက်ကို ခွဲတတ်အောင် ကျွန်တော်ကျင့်ခဲ့တယ်။ လေ့ကျင့်တာ ကြာလာတော့ စကားပြောတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်ကိုပဲပြောတဲ့ အသိကိုရလိုက်တယ်”

“ရာထူးနောက်တစ်ဆင့် တက်တော့ “ငါ”ဆိုတာကို နည်းနိုင်သမျှနည်း “သူ”ဆိုတာကို များနိုင်သမျှ များအောင် ကျင့်ခဲ့တယ်။ ဒါက သူတစ်ပါးအတွက် ပိုစဉ်းစားပေးပြီး ကိုယ့်အတွက် လျော့စဉ်းစားတာကို ပြောတာ..ဘာမဆို တစ်ဖက်လူရဲ့ ရှုထောင့်က ကြည့်ပေးတယ်။ လေ့ကျင့်တာ ကြာလာတော့ သဘောထား ကြီးလာတယ်.. ရက်ရော တတ်လာတယ်”

“နောက်တစ်ဆင့် ထပ်တက်တော့ အဟောင်းနည်းပြီး အသစ်ကို များများ လက်ခံတတ် အောင် ကျင့်ခဲ့တယ်။ သဘောက ကျွန်တော်လုပ်လို့ အောင်မြင်ခဲ့တဲ့ အရာတွေကို ထပ်သလဲလဲ မလုပ်တော့ဘူး။ လုပ်ရင် အသစ် အဆန်းကို မစမ်းသပ်မိမှာစိုးလို့... လေ့ကျင့်တာ ကြာလာတော့ အသစ်တွေကို မပြတ် ထွင်နိုင်ခဲ့တယ်”

“နောက်ဆုံး ကုမ္ပဏီထောင်ပြီး ကိုယ်တိုင်သူဌေးလုပ်တော့ သိတာကို နည်းပြီး များများဖတ်တတ် အောင် ကျွန်တော်ကျင့်ခဲ့တယ်။ ဘာမှ မသိနားမလည်တဲ့ အဆင့်ကနေ တစ်ဖန်ပြန်စဖို့ ကိုယ့်ကိုလေ့ကျင့်ခဲ့တယ်။ အချိန်ပေးပြီး စာပိုဖတ်ခဲ့တယ်။ စာဖတ်များလာတော့ ကိုယ်မသိ နားမလည်တာများသေးကြောင်း ကိုယ့်ရဲ့ ဟာကွက်တွေကို ပြန်မြင်လာတယ်”

နောက်ဆုံးတွင် ဆရာက ကျောင်းသားများအား အတွေ့အကြုံ မရှိသူနှင့် ရှိသူကို ဟောပြောခိုင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းသော အဖြစ်တစ်ခုကို ကျောင်းသားများ ကိုယ်တိုင်ခံစားမိ စေရန်နှင့် ခေါင်းဆောင် ကောင်း တစ်ဦးဖြစ်ရန် ကြံစည်နေသူများ လူပီသဖို့ အရင်ကြိုးစားသင့်ကြောင်း ပြောသွားခဲ့သည်။

မိမိကိုယ်တိုင်က လူမလုပ်တတ်ခဲ့ရင် လူတွေကို ဘယ်လို ဦးဆောင်မလဲ... အသိပညာဆိုတာ လူပီသတာနဲ့ ဆက်နွယ်နေတယ်။

Original Post : Ma Nine Nine Saney

Friday, September 4, 2009

ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ

Orison Swett Marden က ဒီလိုပြောခဲ့ဖူးပါတယ်။

"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့ အောင်မြင်မှုကိုရမှာဖြစ်တယ်။ သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တစ်ချို့သူဌေးသားတွေက ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။ စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။ ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့ ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ....... ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့ အမွေကို ဆက်ခံနိုင်စွမ်းရှိတယ်"

အမေရိကန်က နာမည်ရှိသူတို့ရဲ့ ကြိုးစားရုန်းကန်တဲ့သမိုင်းကို ပြန်လှန်ကြည့်ရင် အောင်မြင်သူအများစုက ဆင်းရဲသားမိသားစု ကလေးတွေဖြစ်တယ်။

Andrew Carnegie က ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံကဖြစ်တယ်။ Carnegie လုပ်ငန်းစဝင်စ အလုပ်က ဘွိုင်လာအိုးလုပ်သားဖြစ်တယ်။

Fordက လယ်သမားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်တယ်။ ဖခင်က Fordကို လယ်သမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တစ်ပြားတစ်ချပ်မှမပါဘဲ မြို့ပေါ်တက် သူအလုပ်ရှာခဲ့တယ်။

HP (Hewlett-Packard Company) ကုမ္ပဏီကို William Hewlett နဲ့ David Packard တို့တည်ထောင်စက သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေက ၅၃၈ ဒေါ်လာဖြစ်ပြီး ကုမ္ပဏီတည်နေရာက သူတို့ရဲ့ကားဂိုဒေါင်မှာဖြစ်တယ်

အသက်မွေးဝမ်းကျောင်းထဲမှာ သတင်းစာရောင်းတဲ့အလုပ်က စားသာတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ဒီအလုပ်ကို လူတစ်ချို့က စားဝတ်နေရေး ဖူလုံဖို့ မျှော်ကိုးခဲ့တယ်။ အမေရိကန်က လူအများလေးစားတဲ့ Edisonကလည်း ငယ်စဉ်ကတည်းက သတင်းစာရောင်းသူဖြစ်ခဲ့တယ်။ (၁ဝ)နှစ် အရွယ်တည်းက Edisonဟာ ဓာတုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါကရထားပေါ်မှာ သတင်းစာရောင်းရင်း စမ်းသပ်မှုတစ်ခုကို သူလုပ်ခဲ့တယ်။ အရှိန်နဲ့ရထားကွေ့ချိန်မှာ သူစမ်းသပ်နေတဲ့ အက်စစ်တွေဖိတ်ကျ လွှင့်စင်ပြီး အနံ့ဆိုးတွေထွက်ခဲ့တယ်။ လူတွေရဲ့ ပြစ်တင်ဆဲဆိုတာကို ခံရတဲ့အပြင် ရထားတွဲခေါင်းဆောင်ရဲ့ လက်ဖဝါးဒဏ်နဲ့အတူ ရထားပေါ်က သူမောင်းချခံခဲ့ရတယ်။

ကျွန်ရောင်းဝယ်ရေးစနစ်ကို ချေဖျက်ခဲ့တဲ့ အမေရိကန် (၁၆)ဦးမြောက် သမ္မတလင်ကွန်းဟာ ငယ်စဉ်တည်းက မီးလင်းဖိုရဲ့အလင်းနဲ့ စာတွေကျက်မှတ်ခဲ့ရတယ်။ စာအုပ်တွေဝယ်ယူဖို့အတွက် ကီလိုမီတာ(၇ဝ)နီးပါး သူလမ်းလျှောက်ခဲ့ရတယ်။ ဘာအမွေစားအမွေခံမှ သူမရခဲ့သလို ဘယ်လိုကံကောင်းမှုမျိုးနဲ့မှ သူမကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူအောင်မြင်ခဲ့တယ်၊ ရှေ့ဆက်တဲ့သူ့လမ်းတွေ ထွန်းတောက်ခဲ့ရတာက သူရဲ့မဆုတ်မနစ် ကြိုးစားမှုနဲ့ ဖြောင့်မှန်မှုကြောင့်ဖြစ်တယ်။

(၁၇)ဦးမြောက် အမေရိကန်သမ္မတ Andrew Johnson ဟာ ငယ်စဉ်တည်းက အဝတ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျောင်းလဲကောင်းကောင်း တက်ခဲ့ဖူးသူမဟုတ်ဘူး။ ဒါပေမယ့် သစ်သားအိမ်လေးထဲမှာနေပြီး စာမသင်ခဲ့ဖူးတဲ့၊ ဘာအခြေအမြစ်မှ မရှိသူတစ်ဦးက အမေရိကန် ပြည်တွင်းစစ်အတောအတွင်းမှာ သမ္မတဖြစ်လာခဲ့တယ်။ သူရဲ့ပြည့်စုံတဲ့ အလေ့အကျင့်၊ အတွေ့အကြုံကြောင့် တစ်လောကလုံးကို အောင်နိုင်ခဲ့သူဖြစ်ပြီး ကျေးကျွန်ပေါင်း ၄သန်းကို လွတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်တယ်

တစ်ခါက ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးရှိခဲ့တယ်။ ဖခင်သေဆုံးချိန် အခေါင်းဝယ်စရာ ပိုက်ဆံမရှိခဲ့လို့ အိမ်နီးချင်းတွေက ဝယ်ပေးခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်က ထီးစက်ရုံမှာ တစ်နေ့(၁ဝ)နာရီ အလုပ်ဝင်လုပ်ခဲ့ပြီး အလုပ်ဆင်း အိမ်ပြန်ချိန်မှာတောင် လုပ်စရာအလုပ်တွေ ယူလာတတ်ခဲ့သေးတယ်။

ဒီလိုအခြေအနေမှာ ကြီးပြင်းခဲ့တဲ့သူဟာ တစ်ခါက ဘုရားကျောင်းမှာကျင်းပတဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့တယ်။ ဟောပြောပွဲက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဟောပြောဆရာလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ တစ်ခါသာကြုံခဲ့တဲ့ အတွေ့အကြုံက နောက်တစ်ချိန်မှာ အောင်မြင်ဖို့ သူ့အတွက်လမ်းစဖြစ်ခဲ့တယ်။ အသက် (၃ဝ) မှာ နယူးယောက်လွှတ်တော်အမတ်အဖြစ် သူဝင်ရွေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေအတွက် သူပြင်ဆင်ချိန်မရခဲ့ဘူး။

ပညာအဆင့်အတန်း နိမ့်ပါးခဲ့လို့ အလုပ်မှာ အခက်ခဲပေါင်းစုံ သူကြုံခဲ့ရတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်၊ အမှုအခင်းတွေကို သူမဖတ်နိုင်ခဲ့ဘူး။ တစ်ချို့စာလုံးတွေကို သူနားမလည်ခဲ့ဘူး။ အဲဒီအတွက် သူနောင်တရ စိတ်ညစ်ခဲ့တယ်။ အလုပ်ကထွက်ဖို့အထိ သူစဉ်းစားခဲ့ပေမယ့် မိခင်ကြောင့် သူအလုပ်မထွက်ဖြစ်ခဲ့ဘူး။ အခက်အခဲကြောင့် နောက်မတွန့်ဖို့၊ နိမ့်ပါးတဲ့ ဗဟုသုတတွေအတွက် စိတ်မကောင်းမဖြစ်ဖို့ တစ်နေ့ကို စာ(၁၆)နာရီဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်သင်ကြားခဲ့တယ်။

ကျောင်းပညာ ကောင်းကောင်းမသင်ကြားခဲ့ရတဲ့ ငယ်ဘဝကို သူမေ့ပစ်ခဲ့တယ်။ (၁ဝ)နှစ်လွန်မြောက်ပြီးနောက် Smithဟာ နယူးယောက်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာအာဏာရှိသူဖြစ်လာခဲ့တယ်။ နာမည်ကောင်း ဆုတံဆိပ်တွေ မကြာခဏရရှိသူဖြစ်ခဲ့ပြီး (၄)ကြိမ်ဆက်တိုက် နယူးယောက်စတိတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Oxford တက္ကသိုလ်၊ Colombia တက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ခြောက်ခုက ဘွဲ့တံဆိပ်တွေကို ရရှိခဲ့တယ်။ အောက်ခြေနိုင်ငံရေးသမားဘဝကနေ တစ်နိုင်ငံလုံး လေးစားအားထားတဲ့ နိုင်ငံရေးသမားဖြစ်အောင် သူကြိုးစားခဲ့တယ်။

နယူးယောက်က ပြည်သူလူထု အကြိုက်နှစ်သက်ဆုံးသူအဖြစ် နယူးယောက်တိုင်းမ်မှာ ဖော်ပြခံခဲ့ရသူက Adam Smith ပဲဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက် အမေရိကန်သမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ ငယ်ဘဝက သာမန် အရောင်းဆိုင်ဝန်ထမ်းဖြစ်တယ်။ သူ့ဝင်ငွေက တစ်နှစ်မှာ (၁ဝ)ဒေါ်လာဝန်းကျင်သာ ရှိခဲ့တယ်။ နောက်ပိုင်း သူ့အောင်မြင်မှုကို ခွဲခြမ်းစိတ်ဖြာရာမှာ Cleveland က "ဆင်းရဲခြင်းကဖြစ်လာတဲ့ အာသီသတွေဟာ တကယ့်ကိုအင်အားရှိခဲ့တယ်" လို့ ပြောခဲ့တယ်။

အထက်ကပြောခဲ့တဲ့လူတွေရဲ့ ဘဝအစက ဆင်းရဲခြင်းနဲ့ပဲ စခဲ့ကြတယ်။ ဒါပေမယ့် ကံတရားကို သူတို့အပြစ်မတင်ခဲ့ဘူး။ ဘဝကို မငြီးငြူခဲ့ဘူး။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်ချက်က ရှေ့ဆက်တိုးမယ့်သူတို့အတွက် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ဆုံး လက်ဗလာနဲ့ စခဲ့တဲ့ဘဝကနေ အောင်မြင်မှုအလံကို ပိုင်ပိုင်နိုင်နိုင် သူတို့ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။

ကြီးမြတ်တဲ့ သူရဲကောင်းတွေ၊ အောင်မြင်သူတွေရဲ့ ဘဝအများစုက ဆင်းရဲသားဘဝက စခဲ့တယ်။ ကံတရားရဲ့ ထိုးနှက်ချက်အောက်မှာ ကြံ့ကြံ့ခံပြီး ခွန်အားတွေကို သူတို့စုခဲ့တယ်။

စပိန်စာရေးဆရာ Miguel de Cervantes ထောင်ထဲမှာ ရေးခဲ့တဲ့ Don Quijote de la Mancha စာအုပ်က နာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆင်းရဲလွန်းလို့ စာရေးဖို့စက္ကူတောင် မဝယ်နိုင်ခဲ့ဘဲ သားရေချပ်လေးပေါ်မှာ သူရေးခဲ့တာဖြစ်တယ်။ လူတစ်ချို့က သူဌေးတစ်ဦးကိုရှာပြီး သူ့ကိုကူညီဖို့ အကူအညီတောင်းခဲ့ပေမယ့် သူဌေးက "ဒီလိုလူကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။ သူဆင်းရဲနေမှ ဒီလောကကြီး ကြွယ်ဝမှာဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဆင်းရဲသားမိသားစု ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူ လူငယ်တစ်ယောက်မှာ ခိုင်မြဲတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို မတားနိုင်ခဲ့ပါဘူး။

ဆင်းရဲဒုက္ခက ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့နိုင်ခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်သူ၊ သတ္တိရှိသူ၊ ဇွဲရှိသူတွေအတွက် ဆင်းရဲဒုက္ခက သူတို့ရဲ့အစွမ်းအစကို ပိုတောက်ပြောင်စေတယ်၊ ဘဝမီးအိမ်ကို ထွန်းညှိပေးတယ်၊ ရှေ့တိုးမယ့် ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကို မောင်းပေးတဲ့ နှင်တံဖြစ်ခဲ့တယ်။

Orison Swett Marden က "ဆင်းရဲဒုက္ခက အားကစားလေ့ကျင့်ခန်းက ကိရိယာတွေနဲ့တူတယ်။ ကျွန်တော်တို့ကို သန်မာအောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့်ဆင်းရဲခြင်းက ကျွန်တော်တို့ တာထွက်ကောင်းအောင် ကြိုးစားလေ့ကျင့်ပေးတဲ့ အကောင်းဆုံးကိရိယာဖြစ်တယ်" လို့ ပြောခဲ့တယ်။

"အခက်အခဲကြားက လွတ်အောင် ကျွန်တော်တို့ ကြိုးစားရုန်းကန်တာက ဆင်းရဲခြင်းရဲ့လွတ်လမ်းဖြစ်သလို အောင်မြင်သူဖြစ်ဖို့ အခြေခံနည်းတစ်ခုဖြစ်တယ်"

"တကယ်သတ္တိရှိသူက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုခံရလေ ကြိုးစားရုန်းကန်လေဖြစ်တယ်။ အခက်အခဲကို ရင်ဆိုင်နိုင်သူ၊ အတားအဆီးကို လှောင်ရယ်နိုင်သူဖြစ်တယ်။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်တာခံရလေ သူ့စိတ်ဆန္ဒ၊ အရည်အချင်း၊ အင်အားနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလေဖြစ်တယ်။ ဒီလိုလူမျိုးအတွက် ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို ဘယ်လိုကံကြမ္မာ၊ ဘယ်လိုအခက်အခဲကမှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"

မူရင်း... The secret of success inspiring ( D-Man ပြုစုတဲ့ ဝယ်ခဲ့တဲ့စာအုပ်ထဲက ဖြစ်ပါတယ်။ ခုတစ်လော ဒီစာအုပ်ကိုပဲ ဖတ်ဖြစ်နေတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။