Sunday, September 13, 2009

ခေါင်းဆောင်ကောင်းတစ်ဦး

ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ၀င်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။

ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်းလူငယ် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ
စီးပွားရေး နယ်ပယ်တွင် လူသိများသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့် မတိမ်းမယိမ်း ၆၀ ခန့်ရှိမည်။ ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က ဤကျောင်းမှ ကျောင်းပြီး သွားသော အဆင့်တစ်ရ MBA ကျောင်းသား တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဆရာ၏အထက်တန်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ သူ၏ပညာအရည်အချင်းမှာ အထက်တန်း အောင်ရုံမျှသာဖြစ်သည်။

ဆရာက ဤဧည့်သည်တော် နှစ်ဦးသည် “ခေါင်းဆောင်ကောင်းတစ်ဦး” ဟုသော ခေါင်းစဉ်ကို မိနစ်၂၀ကြာမျှ ဟောပြောကြမည်ဖြစ်ပြီး သူတို့ဟောပြောသော ခြားနားချက်ကို ကျောင်းသားများက ရေးမှတ် ရမည်ဖြစ်သည်။ ပထမဦးစွာ အဆင့်တစ်ရ ကျောင်းသားက မိနစ်(၂၀) အချိန်တိုတို အတွင်းတွင် နာမည်ကြီး ခေါင်းဆောင် ငါးဦးတို့၏ အတွေ့အကြုံနှင့် ဦးဆောင်ပုံများကို ပြောခဲ့သည်။ ထိုသူငါးဦးမှာ GE(General Electric) မှ Jack Welch၊ Intel မှ Andrew S. Grove၊ စီမံခန့်ခွဲမှုး Peter F. Drucker နှင့် ထိုင်ဝမ်မှ နာမည်ကြီး နှစ်ဦးလည်းပါဝင်သည်။ ထိုသူငါးဦး၏ ဦးဆောင်နည်းမှာ ခေါင်းဆောင်ကောင်းတစ် ဦးတွင် ရှိသင့်သည်ဟု ပြောကြားခဲ့သည်။

လူငယ်မှာ ယုံကြည်မှုအပြည့်နှင့် ပြောဟောအပြီး မိုက်ခရိုဖုန်းကို နောက်လူအား ကမ်းလိုက်သည်။ ထိုသူမှာ တစ်ချက်ပြုံးပြီး စကားစလိုက်သည်။ “ ဒီ ခေါင်းဆောင်းကောင်း တစ်ဦး ဆိုတဲ့ခေါင်းစဉ်ကို ကျွန်တော် စကား တစ်ခွန်းထဲနဲ့ပဲ အပြီးသတ်လိုက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ကို အချောင်ခိုတယ် ထင်မှာဆိုလို့ ဒီစကား တစ်ခွန်းကို မိနစ်(၂၀)အသုံးပြုပြီး ကျွန်တော်ပြောရတော့မယ်။ ဒီဦးဆောင်မှုကို ရှုပ်ထွေးအောင် လုပ်ခဲ့မိတဲ့ ကျွန်တော့်အဖြစ်လို့ နောင်တစ်ချိန်မှာ မကြုံကြစေဖို့ မျှော်လင့်ပါတယ်”

“ကျွန်တော့်လုပ်သက် အနှစ်(၄၀)လုံးလုံးမှာ ကျွန်တော်သိချင်တဲ့ ကိစ္စတစ်ခုကို မပြတ်လေ့လာခဲ့မိတယ်။ အဲတာကတော့ ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ လူတွေဟာ “ငွေ” ကြောင့်မဟုတ်ဘဲ “စိတ်”ကြောင့်လားဆိုတာပါပဲ။ အဲတာကို သိဖို့ အနှစ်(၄၀)လုံး ကျွန်တော် လေ့ကျင့်ခဲ့ရတယ်”
(ဤနေရာတွင် “စိတ်”ကြောင့်ဆိုသည်မှာ စိတ်ပါလက်ပါ ကိုဆိုလိုခြင်းဖြစ်ပြီး “ငွေ”ကြောင့် ဆိုသည်မှာ လခဖြစ်သည်)

“ငွေ”ကြောင့်ဆိုတာက လုပ်ရတာ လွယ်ပါတယ်။ စီမံခန့်ခွဲတဲ့ ပညာရှိရင် လုံလောက်ပါပြီ။ ဒါပေမယ့် “စိတ်”ကြောင့်ဆိုတာက ခက်တယ်။ ၀န်ထမ်းတွေ ကိုယ့်ကို စိတ်ထဲကနေ လက်ခံလာဖို့လိုတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးဆိုတာ အကျယ်တ၀င့် ပြောနေစရာ မလိုဘူး.. “ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ဖို့ သင်ယူနေတာဟာ လူလုပ်တတ်ဖို့ သင်ယူနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ခုနားခေါင်းစဉ်ကို ပြောချင်ပါတယ်”

“ဒီခေါင်းစဉ်ကို ဘာမှ နားမလည်တဲ့အဆင့်၊ ပ ရာထူး၊ ဒု ရာထူး၊ တ ရာထူးကနေ သူဌေးအထိ အဆင့်(၅)ခုခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ လူလုပ်တတ်ဖို့အတွက် အဆင့်တစ်ဆင့်ချင်းကို ကျွန်တော်လေ့လာခဲ့တယ်။ အဆင့်(၅)ဆင့်ထဲကို နှစ်(၄၀)လောက် ကျွန်တော် ဖြုန်းခဲ့ရတယ်။ ကျွန်တော်ကျောင်းပြီးစ ဘာမှမသိ နားမလည်တဲ့ အချိန်တုန်းက No ဆိုတာကို နည်းနည်းပဲ ပြောပြီး Yes ဆိုတာကို များများပြော တတ်အောင် ကျင့်ခဲ့တယ်။ အလုပ်ကပေးတဲ့ ကိစ္စတွေ ဘယ်လောက်ခက်ခဲပါစေ ကျွန်တော် Noလို့ မပြောဘူး။ အဲဒီကိစ္စကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ ကျွန်တော်စဉ်းစားတယ်။ အဲဒီလို လေ့ကျင့်တာ ကြာလာတော့ ကိုယ့်ကို တဖြေးဖြေး ကြီးပြင်းလာပြီလို့ ခံစားမိတယ်”

“အဲဒီလိုနဲ့ ရာထူးတက်ပြီး ပထမအဆင့်ကို ရောက်တော့ နည်းနည်းပြောပြီး များများနား ထောင်တတ် အောင် ကျင့်ခဲ့တယ်။ နားထောင်နိုင်တဲ့ အချိန်မှာ ကျွန်တော် နုတ်မဟခဲ့ဘူး။ သူတို့ပြောတဲ့ စကားတွေထဲက ဘယ်အရာဟာ အရေးကြီးသလဲ ဆိုတဲ့အချက်ကို ခွဲတတ်အောင် ကျွန်တော်ကျင့်ခဲ့တယ်။ လေ့ကျင့်တာ ကြာလာတော့ စကားပြောတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်ကိုပဲပြောတဲ့ အသိကိုရလိုက်တယ်”

“ရာထူးနောက်တစ်ဆင့် တက်တော့ “ငါ”ဆိုတာကို နည်းနိုင်သမျှနည်း “သူ”ဆိုတာကို များနိုင်သမျှ များအောင် ကျင့်ခဲ့တယ်။ ဒါက သူတစ်ပါးအတွက် ပိုစဉ်းစားပေးပြီး ကိုယ့်အတွက် လျော့စဉ်းစားတာကို ပြောတာ..ဘာမဆို တစ်ဖက်လူရဲ့ ရှုထောင့်က ကြည့်ပေးတယ်။ လေ့ကျင့်တာ ကြာလာတော့ သဘောထား ကြီးလာတယ်.. ရက်ရော တတ်လာတယ်”

“နောက်တစ်ဆင့် ထပ်တက်တော့ အဟောင်းနည်းပြီး အသစ်ကို များများ လက်ခံတတ် အောင် ကျင့်ခဲ့တယ်။ သဘောက ကျွန်တော်လုပ်လို့ အောင်မြင်ခဲ့တဲ့ အရာတွေကို ထပ်သလဲလဲ မလုပ်တော့ဘူး။ လုပ်ရင် အသစ် အဆန်းကို မစမ်းသပ်မိမှာစိုးလို့... လေ့ကျင့်တာ ကြာလာတော့ အသစ်တွေကို မပြတ် ထွင်နိုင်ခဲ့တယ်”

“နောက်ဆုံး ကုမ္ပဏီထောင်ပြီး ကိုယ်တိုင်သူဌေးလုပ်တော့ သိတာကို နည်းပြီး များများဖတ်တတ် အောင် ကျွန်တော်ကျင့်ခဲ့တယ်။ ဘာမှ မသိနားမလည်တဲ့ အဆင့်ကနေ တစ်ဖန်ပြန်စဖို့ ကိုယ့်ကိုလေ့ကျင့်ခဲ့တယ်။ အချိန်ပေးပြီး စာပိုဖတ်ခဲ့တယ်။ စာဖတ်များလာတော့ ကိုယ်မသိ နားမလည်တာများသေးကြောင်း ကိုယ့်ရဲ့ ဟာကွက်တွေကို ပြန်မြင်လာတယ်”

နောက်ဆုံးတွင် ဆရာက ကျောင်းသားများအား အတွေ့အကြုံ မရှိသူနှင့် ရှိသူကို ဟောပြောခိုင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းသော အဖြစ်တစ်ခုကို ကျောင်းသားများ ကိုယ်တိုင်ခံစားမိ စေရန်နှင့် ခေါင်းဆောင် ကောင်း တစ်ဦးဖြစ်ရန် ကြံစည်နေသူများ လူပီသဖို့ အရင်ကြိုးစားသင့်ကြောင်း ပြောသွားခဲ့သည်။

မိမိကိုယ်တိုင်က လူမလုပ်တတ်ခဲ့ရင် လူတွေကို ဘယ်လို ဦးဆောင်မလဲ... အသိပညာဆိုတာ လူပီသတာနဲ့ ဆက်နွယ်နေတယ်။

Original Post : Ma Nine Nine Saney

Friday, September 4, 2009

ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ

Orison Swett Marden က ဒီလိုပြောခဲ့ဖူးပါတယ်။

"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့ အောင်မြင်မှုကိုရမှာဖြစ်တယ်။ သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တစ်ချို့သူဌေးသားတွေက ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။ စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။ ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့ ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ....... ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့ အမွေကို ဆက်ခံနိုင်စွမ်းရှိတယ်"

အမေရိကန်က နာမည်ရှိသူတို့ရဲ့ ကြိုးစားရုန်းကန်တဲ့သမိုင်းကို ပြန်လှန်ကြည့်ရင် အောင်မြင်သူအများစုက ဆင်းရဲသားမိသားစု ကလေးတွေဖြစ်တယ်။

Andrew Carnegie က ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံကဖြစ်တယ်။ Carnegie လုပ်ငန်းစဝင်စ အလုပ်က ဘွိုင်လာအိုးလုပ်သားဖြစ်တယ်။

Fordက လယ်သမားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်တယ်။ ဖခင်က Fordကို လယ်သမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တစ်ပြားတစ်ချပ်မှမပါဘဲ မြို့ပေါ်တက် သူအလုပ်ရှာခဲ့တယ်။

HP (Hewlett-Packard Company) ကုမ္ပဏီကို William Hewlett နဲ့ David Packard တို့တည်ထောင်စက သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေက ၅၃၈ ဒေါ်လာဖြစ်ပြီး ကုမ္ပဏီတည်နေရာက သူတို့ရဲ့ကားဂိုဒေါင်မှာဖြစ်တယ်

အသက်မွေးဝမ်းကျောင်းထဲမှာ သတင်းစာရောင်းတဲ့အလုပ်က စားသာတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ဒီအလုပ်ကို လူတစ်ချို့က စားဝတ်နေရေး ဖူလုံဖို့ မျှော်ကိုးခဲ့တယ်။ အမေရိကန်က လူအများလေးစားတဲ့ Edisonကလည်း ငယ်စဉ်ကတည်းက သတင်းစာရောင်းသူဖြစ်ခဲ့တယ်။ (၁ဝ)နှစ် အရွယ်တည်းက Edisonဟာ ဓာတုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါကရထားပေါ်မှာ သတင်းစာရောင်းရင်း စမ်းသပ်မှုတစ်ခုကို သူလုပ်ခဲ့တယ်။ အရှိန်နဲ့ရထားကွေ့ချိန်မှာ သူစမ်းသပ်နေတဲ့ အက်စစ်တွေဖိတ်ကျ လွှင့်စင်ပြီး အနံ့ဆိုးတွေထွက်ခဲ့တယ်။ လူတွေရဲ့ ပြစ်တင်ဆဲဆိုတာကို ခံရတဲ့အပြင် ရထားတွဲခေါင်းဆောင်ရဲ့ လက်ဖဝါးဒဏ်နဲ့အတူ ရထားပေါ်က သူမောင်းချခံခဲ့ရတယ်။

ကျွန်ရောင်းဝယ်ရေးစနစ်ကို ချေဖျက်ခဲ့တဲ့ အမေရိကန် (၁၆)ဦးမြောက် သမ္မတလင်ကွန်းဟာ ငယ်စဉ်တည်းက မီးလင်းဖိုရဲ့အလင်းနဲ့ စာတွေကျက်မှတ်ခဲ့ရတယ်။ စာအုပ်တွေဝယ်ယူဖို့အတွက် ကီလိုမီတာ(၇ဝ)နီးပါး သူလမ်းလျှောက်ခဲ့ရတယ်။ ဘာအမွေစားအမွေခံမှ သူမရခဲ့သလို ဘယ်လိုကံကောင်းမှုမျိုးနဲ့မှ သူမကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူအောင်မြင်ခဲ့တယ်၊ ရှေ့ဆက်တဲ့သူ့လမ်းတွေ ထွန်းတောက်ခဲ့ရတာက သူရဲ့မဆုတ်မနစ် ကြိုးစားမှုနဲ့ ဖြောင့်မှန်မှုကြောင့်ဖြစ်တယ်။

(၁၇)ဦးမြောက် အမေရိကန်သမ္မတ Andrew Johnson ဟာ ငယ်စဉ်တည်းက အဝတ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျောင်းလဲကောင်းကောင်း တက်ခဲ့ဖူးသူမဟုတ်ဘူး။ ဒါပေမယ့် သစ်သားအိမ်လေးထဲမှာနေပြီး စာမသင်ခဲ့ဖူးတဲ့၊ ဘာအခြေအမြစ်မှ မရှိသူတစ်ဦးက အမေရိကန် ပြည်တွင်းစစ်အတောအတွင်းမှာ သမ္မတဖြစ်လာခဲ့တယ်။ သူရဲ့ပြည့်စုံတဲ့ အလေ့အကျင့်၊ အတွေ့အကြုံကြောင့် တစ်လောကလုံးကို အောင်နိုင်ခဲ့သူဖြစ်ပြီး ကျေးကျွန်ပေါင်း ၄သန်းကို လွတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်တယ်

တစ်ခါက ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးရှိခဲ့တယ်။ ဖခင်သေဆုံးချိန် အခေါင်းဝယ်စရာ ပိုက်ဆံမရှိခဲ့လို့ အိမ်နီးချင်းတွေက ဝယ်ပေးခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်က ထီးစက်ရုံမှာ တစ်နေ့(၁ဝ)နာရီ အလုပ်ဝင်လုပ်ခဲ့ပြီး အလုပ်ဆင်း အိမ်ပြန်ချိန်မှာတောင် လုပ်စရာအလုပ်တွေ ယူလာတတ်ခဲ့သေးတယ်။

ဒီလိုအခြေအနေမှာ ကြီးပြင်းခဲ့တဲ့သူဟာ တစ်ခါက ဘုရားကျောင်းမှာကျင်းပတဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့တယ်။ ဟောပြောပွဲက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဟောပြောဆရာလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ တစ်ခါသာကြုံခဲ့တဲ့ အတွေ့အကြုံက နောက်တစ်ချိန်မှာ အောင်မြင်ဖို့ သူ့အတွက်လမ်းစဖြစ်ခဲ့တယ်။ အသက် (၃ဝ) မှာ နယူးယောက်လွှတ်တော်အမတ်အဖြစ် သူဝင်ရွေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေအတွက် သူပြင်ဆင်ချိန်မရခဲ့ဘူး။

ပညာအဆင့်အတန်း နိမ့်ပါးခဲ့လို့ အလုပ်မှာ အခက်ခဲပေါင်းစုံ သူကြုံခဲ့ရတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်၊ အမှုအခင်းတွေကို သူမဖတ်နိုင်ခဲ့ဘူး။ တစ်ချို့စာလုံးတွေကို သူနားမလည်ခဲ့ဘူး။ အဲဒီအတွက် သူနောင်တရ စိတ်ညစ်ခဲ့တယ်။ အလုပ်ကထွက်ဖို့အထိ သူစဉ်းစားခဲ့ပေမယ့် မိခင်ကြောင့် သူအလုပ်မထွက်ဖြစ်ခဲ့ဘူး။ အခက်အခဲကြောင့် နောက်မတွန့်ဖို့၊ နိမ့်ပါးတဲ့ ဗဟုသုတတွေအတွက် စိတ်မကောင်းမဖြစ်ဖို့ တစ်နေ့ကို စာ(၁၆)နာရီဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်သင်ကြားခဲ့တယ်။

ကျောင်းပညာ ကောင်းကောင်းမသင်ကြားခဲ့ရတဲ့ ငယ်ဘဝကို သူမေ့ပစ်ခဲ့တယ်။ (၁ဝ)နှစ်လွန်မြောက်ပြီးနောက် Smithဟာ နယူးယောက်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာအာဏာရှိသူဖြစ်လာခဲ့တယ်။ နာမည်ကောင်း ဆုတံဆိပ်တွေ မကြာခဏရရှိသူဖြစ်ခဲ့ပြီး (၄)ကြိမ်ဆက်တိုက် နယူးယောက်စတိတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Oxford တက္ကသိုလ်၊ Colombia တက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ခြောက်ခုက ဘွဲ့တံဆိပ်တွေကို ရရှိခဲ့တယ်။ အောက်ခြေနိုင်ငံရေးသမားဘဝကနေ တစ်နိုင်ငံလုံး လေးစားအားထားတဲ့ နိုင်ငံရေးသမားဖြစ်အောင် သူကြိုးစားခဲ့တယ်။

နယူးယောက်က ပြည်သူလူထု အကြိုက်နှစ်သက်ဆုံးသူအဖြစ် နယူးယောက်တိုင်းမ်မှာ ဖော်ပြခံခဲ့ရသူက Adam Smith ပဲဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက် အမေရိကန်သမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ ငယ်ဘဝက သာမန် အရောင်းဆိုင်ဝန်ထမ်းဖြစ်တယ်။ သူ့ဝင်ငွေက တစ်နှစ်မှာ (၁ဝ)ဒေါ်လာဝန်းကျင်သာ ရှိခဲ့တယ်။ နောက်ပိုင်း သူ့အောင်မြင်မှုကို ခွဲခြမ်းစိတ်ဖြာရာမှာ Cleveland က "ဆင်းရဲခြင်းကဖြစ်လာတဲ့ အာသီသတွေဟာ တကယ့်ကိုအင်အားရှိခဲ့တယ်" လို့ ပြောခဲ့တယ်။

အထက်ကပြောခဲ့တဲ့လူတွေရဲ့ ဘဝအစက ဆင်းရဲခြင်းနဲ့ပဲ စခဲ့ကြတယ်။ ဒါပေမယ့် ကံတရားကို သူတို့အပြစ်မတင်ခဲ့ဘူး။ ဘဝကို မငြီးငြူခဲ့ဘူး။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်ချက်က ရှေ့ဆက်တိုးမယ့်သူတို့အတွက် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ဆုံး လက်ဗလာနဲ့ စခဲ့တဲ့ဘဝကနေ အောင်မြင်မှုအလံကို ပိုင်ပိုင်နိုင်နိုင် သူတို့ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။

ကြီးမြတ်တဲ့ သူရဲကောင်းတွေ၊ အောင်မြင်သူတွေရဲ့ ဘဝအများစုက ဆင်းရဲသားဘဝက စခဲ့တယ်။ ကံတရားရဲ့ ထိုးနှက်ချက်အောက်မှာ ကြံ့ကြံ့ခံပြီး ခွန်အားတွေကို သူတို့စုခဲ့တယ်။

စပိန်စာရေးဆရာ Miguel de Cervantes ထောင်ထဲမှာ ရေးခဲ့တဲ့ Don Quijote de la Mancha စာအုပ်က နာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆင်းရဲလွန်းလို့ စာရေးဖို့စက္ကူတောင် မဝယ်နိုင်ခဲ့ဘဲ သားရေချပ်လေးပေါ်မှာ သူရေးခဲ့တာဖြစ်တယ်။ လူတစ်ချို့က သူဌေးတစ်ဦးကိုရှာပြီး သူ့ကိုကူညီဖို့ အကူအညီတောင်းခဲ့ပေမယ့် သူဌေးက "ဒီလိုလူကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။ သူဆင်းရဲနေမှ ဒီလောကကြီး ကြွယ်ဝမှာဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဆင်းရဲသားမိသားစု ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူ လူငယ်တစ်ယောက်မှာ ခိုင်မြဲတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို မတားနိုင်ခဲ့ပါဘူး။

ဆင်းရဲဒုက္ခက ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့နိုင်ခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်သူ၊ သတ္တိရှိသူ၊ ဇွဲရှိသူတွေအတွက် ဆင်းရဲဒုက္ခက သူတို့ရဲ့အစွမ်းအစကို ပိုတောက်ပြောင်စေတယ်၊ ဘဝမီးအိမ်ကို ထွန်းညှိပေးတယ်၊ ရှေ့တိုးမယ့် ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကို မောင်းပေးတဲ့ နှင်တံဖြစ်ခဲ့တယ်။

Orison Swett Marden က "ဆင်းရဲဒုက္ခက အားကစားလေ့ကျင့်ခန်းက ကိရိယာတွေနဲ့တူတယ်။ ကျွန်တော်တို့ကို သန်မာအောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့်ဆင်းရဲခြင်းက ကျွန်တော်တို့ တာထွက်ကောင်းအောင် ကြိုးစားလေ့ကျင့်ပေးတဲ့ အကောင်းဆုံးကိရိယာဖြစ်တယ်" လို့ ပြောခဲ့တယ်။

"အခက်အခဲကြားက လွတ်အောင် ကျွန်တော်တို့ ကြိုးစားရုန်းကန်တာက ဆင်းရဲခြင်းရဲ့လွတ်လမ်းဖြစ်သလို အောင်မြင်သူဖြစ်ဖို့ အခြေခံနည်းတစ်ခုဖြစ်တယ်"

"တကယ်သတ္တိရှိသူက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုခံရလေ ကြိုးစားရုန်းကန်လေဖြစ်တယ်။ အခက်အခဲကို ရင်ဆိုင်နိုင်သူ၊ အတားအဆီးကို လှောင်ရယ်နိုင်သူဖြစ်တယ်။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်တာခံရလေ သူ့စိတ်ဆန္ဒ၊ အရည်အချင်း၊ အင်အားနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလေဖြစ်တယ်။ ဒီလိုလူမျိုးအတွက် ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို ဘယ်လိုကံကြမ္မာ၊ ဘယ်လိုအခက်အခဲကမှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"

မူရင်း... The secret of success inspiring ( D-Man ပြုစုတဲ့ ဝယ်ခဲ့တဲ့စာအုပ်ထဲက ဖြစ်ပါတယ်။ ခုတစ်လော ဒီစာအုပ်ကိုပဲ ဖတ်ဖြစ်နေတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, August 30, 2009

ဖြစ်နိုင်? မဖြစ်နိုင်?

ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့ ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။

ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ မလှုပ်မယှက် ချည်နှောင်ခံထားရဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ အသာလေးရုန်းရုံနဲ့ သံကြိုးပြတ်နိုင်တဲ့ ခွန်အားတွေရှိခဲ့ပေမယ့် ငယ်စဉ်တည်းက “သံကြိုး လုံးဝမပြတ်နိုင်ဘူး” ဆိုတဲ့ အချည်နှောင်ခံရတဲ့ အသိက ဦးနှောက်ထဲ သံမှိုစွဲနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အင်အားရှိခဲ့သည့်တိုင်
ကြိုးကလွတ်ရုန်းဖို့ မကြိုးစားခဲ့ကြတော့ဘူး။

သတ္တဝါတွေမှ မဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊ အမြင်” တွေ့ကြောင့် “ငါ့မှာ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူး” ဆိုတာနဲ့ အချိန်တွေ၊ အခွင့်အရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးစေခဲ့တယ်။

ပဒူကောင် (Hornet)တွေဟာ မပျံသန်းနိုင်ဘူးလို့ သိပံ္ပပညာရှင်တွေက လေ့လာဆန်းစစ် အဖြေထုတ်ခဲ့ကြတယ်။ ပဒူတွေရဲ့ကိုယ်ထည်ဟာ ကြီးမားပြီး အတောင်ပံက ပါးလွှာသေးငယ်လို့ဖြစ်တယ်။ စွမ်းအားနဲ့ပတ်သက်တဲ့ ပညာအရ (dynamics) ပဒူတွေဟာပျံသန်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။ ဒီလိုလေ့လာဆန်းစစ်ချက်ကို ပဒူတွေက မသိခဲ့ဘူး။ ဒါကြောင့် သူတို့ပျံသန်းနိုင်ခဲ့ကြတယ်။

Ford ကားကုမ္ပဏီပိုင်ရှင် Fordဟာ အသက်(၄ဝ)ရောက်မှ အောင်မြင်မှုရခဲ့သူဖြစ်တယ်။ သူဟာ အတန်းပညာကို ဟုတ်တိပတ်တိ သင်ခဲ့ဖူးသူမဟုတ်ဘူး။ စီးပွါးရေးအောင်မြင်ပြီးနောက် Ford ဟာ 8-cylinder
engine ကိုလုပ်ဖို့ ကြိုးစားခဲ့တယ်။ ပညာရှင် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး 8-cylinder အင်ဂျင်တစ်ခုလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ထက်မြက်ပြီး၊ အဆင့်မြင့်ပညာတွေ၊ ကိန်းဂဏန်း သင်္ချာ၊ ရှုပဗေဒ၊ သီအိုရီ စတာတွေ သင်ယူခဲ့ဖူးတဲ့ အင်ဂျင်နီယာတွေက ဘယ်အရာကိုဖြစ်နိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ်။ သူတို့ဟာ Ford ကို ခွင့်လွတ်နားလည်ဟန်နဲ့ “သနားစရာ ဒီအဘိုးကြီးကို ရှင်းပြရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ သူဌေးပဲ” ဆိုပြီး အင်ဂျင်နီယာ ပညာရှင်တွေက Ford ကို စိတ်ရှည်သည်းခံစွာနဲ့ 8-cylinder အင်ဂျင်ဟာ စီးပွါးရေးအရ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း
ရှင်းပြခဲ့လည်း Fordက လက်မခံခဲ့ဘူး။ သူသိတာက 8-cylinder အင်ဂျင်ရဖို့ဆိုတာပဲဖြစ်တယ်။

အင်ဂျင်နီယာတွေက စိတ်မပါတပါနဲ့ လုပ်ငန်းစကြပြီး ရက်အတော်အသင့်မှာ Ford ကို မဖြစ်နိုင်တဲ့အကြောင်း တင်ပြပြန်တယ်။

“လုပ်လေလေ ဒီ 8-cylinder အင်ဂျင်က မဖြစ်နိုင်လေလေဆိုတာကို ကျွန်တော်တို့သိလိုက်ရတယ်” Ford က ဒီလိုတော်ရုံအပြောနဲ့ လက်လျော့တတ်သူ မဟုတ်ခဲ့ဘူး။

“အင်ဂျင်နီယာများခင်ဗျား .. ဒီ 8-cylinder အင်ဂျင်ကို မဖြစ်မနေ အမြန်ဆုံးပြုလုပ်ပေးပါ”

အင်ဂျင်နီယာတွေ လုပ်ငန်းစကြပြန်တယ်။ ပထမတစ်ခေါက်ထက် သူတို့ပိုကြိုးစားလာကြတယ်။ အချိန်တွေကုန်ခဲ့သလို ရင်းနှီးမှုတွေလည်းများလာခဲ့တယ်။ ဒါပေမယ့် Ford ကို အရင်တစ်ခေါက်လိုပဲ မဖြစ်နိုင်ဘူးလို့ သူတို့တင်ပြပြန်တယ်။ ဒါပေမယ့် အောက်ခြေသိမ်းအလုပ်က စခဲ့ပြီး၊ အဆင့်မြင့်အတန်းပညာတွေ မတင်ခဲ့ဖူးတဲ့ Fordရဲ့ ဦးနှောက်ထဲမှာ မဖြစ်နိုင်ဆိုတဲ့စကားက ရှိမနေခဲ့ဘူး။ အင်ဂျင်နီယာတွေကို သူခိုင်းစေခဲ့ပြန်တယ်။

“အင်ဂျင်နီယာများခင်ဗျား.. ဒီ 8-cylinder အင်ဂျင်က ကျွန်တော့်ဆီမှာ ရှိကိုရှိမှဖြစ်မယ်။ ဒါကြောင့် ကျွန်တော့်အတွက် လုပ်ပေးကြပါ”

ဒီလိုနဲ့နောက်ဆုံးမှာ 8-cylinder အင်ဂျင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုအရာမျိုးက မဖြစ်နိုင်ဘူးဆိုတာကို မသိတဲ့လူတစ်ယောက်ကြောင့် လုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နိုင်တယ်။ မဖြစ်နိုင်ဘူးလို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ဖြစ်နိုင်တယ်လို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။

Wright ညီအစ်ကိုနှစ်ဦး စက်ဘီးအရောင်းအဝယ် ပြုလုပ်ရင်း မိုးပေါ်မှာပျံသန်းနိုင်မယ့် လေယာဉ်ပျံကို ထီထွင်ခဲ့တုန်းက “မဖြစ်နိုင်ဘူး” လို့ လူတွေဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ကြိုးစားမှုကြောင့် အမြင့်မှာပျံသန်းနိုင်ပြီး ပို့ဆောင်သယ်ယူရမှာ အမြန်ဆုံးဖြစ်တဲ့ လေယာဉ်ပျံကို အောင်မြင်စွာထီထွင်နိုင်ခဲ့တယ်။ “မဖြစ်နိုင်” ဆိုတာကို Wrightတို့ ညီအစ်ကိုနှစ်ဦးက “ဖြစ်အောင်” လုပ်နိုင်ခဲ့တယ်။

တကယ်တော့ တစ်ချို့ကိစ္စတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ပုံသေအတွေး၊ တစ်သတ်မှတ်အမြင်တွေကို ဖယ်ရှားပြီး ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ရင် “မဖြစ်နိုင်” က “ဖြစ်နိုင်” သွားပါတယ်။

၁၉၂၁ ခုနှစ် ဇွန်လ ၂ရက်နေ့မှာ (နယူးယောက် တိုင်း(မ်)) ၂၅ နှစ်ပြည့် အထိမ်းအမှတ်လုပ်ခဲ့ပြီး ကြေညာစာတစ်စောင် ထုတ်ဝေခဲ့တယ်။ ကြေညာစာစောင်မှာ ယနေ့သတင်းဖတ်နှုန်းသည် ယခင် ၂၅နှစ်ထက် ၂၅ဆ ပိုခဲ့သည်ဆိုတဲ့ သတင်းတစ်ခုပါခဲ့တယ်။

စာဖတ်သူအများရဲ့အမြင်မှာ ဒါဟာ သာမန်သတင်းတစ်ခုလို့ မှတ်ယူခဲ့ကြတယ်။ သာမန်လွန်းလို့ တစ်ချို့က ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် တွေးတောတတ်ပြီး သာမန်အမြင်နဲ့ မမြင်တဲ့လူတစ်ချို့ရဲ့ အကြည့်မှာ ဒါဟာ အရမ်းအဖိုးတန်တဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်မှာရှိတဲ့ လူ
(၁၆)ဦးက ဒီသတင်းကြောင့် ဂျာနယ်တစ်စောင်ထုတ်ဝေနိုင်ဖို့ အမြန်လှုပ်ရှားခဲ့ကြတယ်။ (၃)လ အတောအတွင်းမှာ ရင်းနှီးမတည်ငွေ ဒေါ်လာ(၅ဝဝ)ကို ဘဏ်မှာ သူ့ထက်ငါ အလုအယုက် သွားရောက်သွင်းခဲ့ကြပြီး လုပ်ငန်းလိုင်စင်တွေ လျှောက်ခဲ့ကြတယ်။

အဲဒီနောက် သက်ဆိုင်ရာ စာရွက်စာတမ်းပြုလုပ်ဖို့အတွက် စာတိုက်ကို သွားရောက်ခဲ့ကြတယ်။ စာတိုက်တာဝန်ခံတွေက ရွေးကောက်ပွဲတွေ မကြာခင်ပြုလုပ်မှာဖြစ်တဲ့အတွက် ဒီလိုစာစောင်ရဲ့ လျှောက်လွှာနဲ့ ထုတ်ဝေမှုတွေကို လောလောဆယ် လုပ်မပေးနိုင်သေးကြောင်း၊ လုပ်ပေးနိုင်မယ့် အချိန်အခါကိုလည်း တိတိကျကျ မသိသေးကြောင်းပြောခဲ့တယ်။

အဲဒီသတင်းကြောင့် လူ (၁၅)ဦးက အချိန်အခါနဲ့ ဂျာနယ်ထုတ်ဝေဖို့ မသင့်လျှော်ဘူးဆိုပြီး လုပ်ငန်းလိုင်စင်လျှောက်ဖို့ ရက်ကို နောက်ရွေ့လိုက်ကြတယ်။ ဒါပေမယ့် DeWitt Wallace လို့ခေါ်သူတစ်ဦးက
ဒီသတင်းကို ဂရုမစိုက်ခဲ့ဘူး။ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားကိုလည်း စိတ်ထဲမှာ မထည့်ခဲ့ဘူး။ စာတိုက်တာဝန်ခံရဲ့ “မဖြစ်နိုင်” ဆိုတဲ့စကားက သူ့ပြိုင်ဖက် (၁၅)ဦးကို အလဲထိုးလိုက်တယ်လို့ပဲ မှတ်ယူခဲ့တယ်။

Wallaceက သူငှားနေတဲ့ နယူးယောက်က Greenwich Village နေအိမ်ကို ပြန်ရောက်ပြီးနောက် စာအစောင် (၂ဝဝဝ) နဲ့အတူ Card ordersကို သူ့ရဲ့ဇနီးမယားဖြစ်လာမယ့် ချစ်သူရဲ့ အကူအညီနဲ့ အနယ်နယ် အရပ်ရပ်ကို
ပို့ခဲ့တယ်။ ဒီလိုနဲ့ “Reader's Digest” ဆိုတဲ့စာစောင်တစ်ခု အရှိန်အဟုန်ပြင်းပြင်းနဲ့မွေးဖွားခဲ့တယ်။ ၂ဝ ရာစုနှောင်းပိုင်းမှာ “Reader's Digest” က ဘာသာ (၁၉)မျိုး၊ ဗားရှင်း (၄၈)မျိုးနဲ့ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။ နိုင်ငံပေါင်း (၁၂၇) ကို ဖြန့်ချီခဲ့ပြီး ဝယ်ယူသူပေါင်း သန်းတစ်ရာ့တစ်ဆယ်ကျော် ရှိခဲ့တဲ့အပြင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း (၅ဝ)ကျော်ရှိခဲ့တယ်။ အမေရိကန်စာစောင်တွေမှာ နံပါတ် (၁) နေရာအဖြစ် ဆယ်စုနှစ်ကျော် နေရာယူထားတဲ့ စာစောင်ဖြစ်ခဲ့တယ်။ “Reader's Digest” ရဲ့ အောင်မြင်မှုက လူတွေ “မဖြစ်နိုင်ဘူး” လို့ ထင်တဲ့အရာကို “ဖြစ်အောင်” Wallace လုပ်ခဲ့ကြောင်း သက်သေပြနေခဲ့တယ်။

ပုံသေအတွေး၊ တစ်သတ်မှတ်တည်းသော အမြင်ကိုပြောင်းလဲပြီး ချုံ့ချဲ့ကွေးဆန့်လို့ရတဲ့အတွေးနဲ့ တွေးတောမယ်၊ ဇွဲလုံလမလျှော့ ကြိုးစားမယ်၊ စူးစမ်းမယ်ဆိုရင် “မဖြစ်နိုင်” တဲ့ကိစ္စက နောက်ဆုံးမှာ
“ဖြစ်နိုင်”ခဲ့ပါတယ်။

မူရင်း... 丁滿(D Man) ပြုစုတဲ့ The Secret of Success Inspiring ဆိုတဲ့ စာအုပ်ထဲကဖြစ်ပါတယ်။

မေတ္တာ၏အကျိုးကျေးဇူးများ

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ
မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို
စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး
သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ
ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့်မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ
မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့
မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်

- အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။


နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။

မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ြုသည့်တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။

မိဘတို့၏ကျေးဇူးတရား

မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။


မိဘတို့၌ ဆပ်လို့မကုန်နိုင်သော ဂုဏ်တော်များ ရှိသောကြောင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ် အမြဲဂါရ၀ ရိုသေကြရမည်ဖြစ်သည်။ မိဘမေတ္တာ သီတာရေစင်ပမာ အေးမြသည်သာ ဖြစ်သောကြောင့် သားသမီးတို့အတွက်ဆိုလျှင် အဆန်မရှိ အစုန်သာလျှင်ရှိသော မေတ္တာရှင် များဖြစ်ကြသည်။ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ အစပြု၍ လူဖြစ်အောင် ကျွေးမွေးခဲ့ ကြပြီးလျှင် ငါးအင်သောဝတ္တရား မပျက်ပြားရအောင်လည်း ဆောင်ရွက်ပေးခဲ့ကြသည်။ လူဘုံ အလယ် ဂုဏ်အငယ်ဘို့ ပညာရည်နို့ သောက်စို့နိုင်ရန်လည်း မိဘတို့ကပဲ ဆောင်ရွက်ပေး ခဲ့ကြသည်။ “တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည်၊ သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ”သည့်မိဘများပင် မဟုတ်ပါလော။

အနန္တကျေးဇူးရှင် ထိုမိခင်ဖခင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့အပ်။ အခွင့်သင့် တိုင်း မိမိတတ်နိုင်သမျှ မှန်စွာကျေးဇူးဆပ်ရပါမည်။ မဆပ်နိုင်ဘူး ထားလိုက်ဦး၊ ကျေးဇူး မကန်းမိဘို့ အရေးကြီးသည်။ ကျေးဇူးကန်းမိလျှင် ယခုဘ၀မှာတင် ဒုက္ခပင်လယ်ဝေကြရမည့် အပြင် မဂ်ဖိုလ်မှလည်း ဖီလာဖြစ်သွားနိုင်ပေသည်။ မိဘနှစ်ပါးက သားသမီးဆယ်ကိုးယောက် ကို ကျွေးမွေးထားနိုင်သော်လည်း သားသမီးဆယ်ကိုးယောက်က မိဘနှစ်ပါးကို မကျွေးမွေးနိုင် သည်မှာ အဘယ့်ကြောင့်နည်း။ ကျေးဇူးတရားကို မသိမှုနှင့်သတိတရား မေ့လျော့နေမှုကြောင့် ပင်ဖြစ်သည်။ လောက၌ ရခဲလှသော သူနှစ်ဦးသည်ရှိ၏။ ထိုသူတို့မှာ-
(၁) ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူနှင့်
(၂) သူ့ကျေးဇူးကိုသိပြီး ပြန်လည်ကျေအောင်ဆပ်နိုင်သောသူတို့ဖြစ်ကြသည်။
ရခဲပြီးမွန်မြတ်သည့်သူဖြစ်အောင် မိဘကျေးဇူးကိုသိပြီး ကျေပြွန်အောင်ဆပ်နိုင်ဘို့် သတိတရား မမေ့လျော့ဘဲ ရိုသေလေးမြတ်စွာ ပေးဆပ်ကြရပါမည်။

ထိုသို့မဟုတ်ဘဲ သားသမီးယုတ်တို့မှာကား မိဘဆီမှ အမွေရလမ်းမမြင်လျှင် ထံပါးနီးရပ် မကပ်ကြဘဲ ရှောင်တတ်ကြ၏။ ထို့ကြောင့် “မိဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင်မြတ်လေး၊ သားတို့ ကျွေး၏၊ သမီးတို့မွေး၏၊ ပဲရွေးမရှိ၊ မိဘတို့အား၊ သမီးသားသည်၊ ထံပါးနီးရပ်၊ မကပ်တုန်လျင်း၊ ရှောင်ကြခွင်း၏။”ဟူ၍ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ရေးစပ်တော်မူ ခဲ့ခြင်းဖြစ်ပေသည်။်။ မိဘတို့၌ ဥစ္စာရှိလျှင် မသေခင်ကပင် အမွေခွဲချင်ကြသည့် သားသမီးများ လည်း ရှိကြပေသည်။ မိဘတို့ သေသွားလို့ အမွေမညီကြလျှင် ညီအစ်ကို မောင်နှမချင်း ရုံးတက်ကာ သူ့ထက်ငါအပြိုင်ပြု အမွေလုကြသည်လည်းရှိသည်။ မည်မျှသံဝေဂရစရာ ကောင်းလိုက်သနည်း။ အမွေယူ မှားနေကြသည်။ သားသမီးတို့မည်သည် မိဘတို့၏ ကောင်းမှု အမွေများကို ဆက်လက်ခံယူကျင့်သုံးရမည်သာဖြစ်၏။ ဤမျှတင်မဟုတ်သေး၊ မိဘတို့ဂုဏ် တိုးပွားရေးကို အလေးထားကာ ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။ သားသမီးအမျိုး အစား(၃)မျိုးရှိ၏။ ၎င်းတို့မှာ-
(၁) အတိဇာတ- မိဘထက်သီလ၊ သမာ၊ ပညာစသော ဂုဏ်ကျေးဇူး လွန်မြတ်သောသူ။
(၂) အနုဇာတ- မိဘနှင့် ဂုဏ်ကျေးဇူး တူမျှသောသူ။
(၃) အ၀ဇာတ- မိဘအောက် ဂုဏ်ကျေးဇူး နိမ့်ညံ့သောသူတို့ ဖြစ်ကြပေသည်။

မိဘတို့၏ မွေးကျွေးဟောင်းကို ပြန်လည်ကျေးဇူးဆပ်သည့်လမ်းစဉ်မှာ ဘုရားရှင်ကိုယ်တော် တိုင် ဖြည့်ကျင့်တော်မူခဲ့သော အလွန်ထူးမွန်မြတ်သည့် ပါရမီကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ဘုရားအလောင်းတော်များသည် ယင်းကုသိုလ်တော်မြတ်ကို သတိဉာဏ်ကပ်၍ ဘ၀ အသင်္ချေအနန္တ ဖြည့်ကျင့်တော်မူခဲ့ကြခြင်းဖြစ်သည်။ မဟာနန္ဒိယမျောက်မင်းဘ၀ ဖြစ်စဉ် အခါက ဖခင်မျောက်မင်း မရှိသည့်နောက် စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သည်။ မင်းဖြစ်သည့် အလျောက် စားသောက်ဖွယ်ရာ အဖြာဖြာနှင့် ချောသက်လျာမိဖုရားများ ရှိပင်ငြားသော်လည်း မိခင်အို မျက်မမြင်ကိုသာ ပြုစုလုပ်ကျွေးရန် စည်းစိမ်အများ စွန့်ထားခဲ့၏။ တစ်နေ့တွင် မုဆိုး တစ်ယောက် တောလည်ရောက်လာပြီး မိခင်အိုကြီးကို ပစ်မည်လုပ်တော့ “မိခင်အိုကြီးအား ချမ်းသာထား၍ ကျွန်ုပ်အားသာ သတ်ယူပါ”ဟု အသေခံကာ ကျေးဇူးဆပ်ခဲ့လေသည်။ သုဝဏ္ဏ သာမ လုလင်ဘ၀မှာလည်း မျက်မမြင်မိဘများကို လုပ်ကျွေး၍အသက်မွေးနေစဉ် ဘုရင်မင်း တရား တောလည်သွားရာ သုဝဏ္ဏသာမအား သမင်ထင်ကာ အမြင်မှား၍ လေးနှင့်ပစ်ခွင်း လိုက်သည်တွင် မိဘလုပ်ကျွေးသည့်သားမြတ်ဖြစ်သောကြောင့် သိကြားမင်းမနေသာတော့ဘဲ လူ့ပြည်ဆင်းကာ ဆေးကုသပေးရန် မိဘများလိုရာဆု မေးသည့်အခါ “သားရွှေအိုး ထမ်းလာတာကို မြင်လိုပါကြောင်း” ဆုတောင်းလိုက်သဖြင့် မျက်မမြင်မိဘများ စက္ခုနှစ်ကွင်း အလင်းရစေခဲ့သည်မှာလည်း မိဘကိုလုပ်ကျွေးသော အလောင်းတော်၏ ဂုဏ်ကျေးဇူးကြောင့် ပင် ဖြစ်ပေသည်။

မြတ်စွာဘုရား ဘုန်းကံကြီးမားပေစွတကား”ဟူ၍ အပေါ်ယံသာ ကြည်ညိုကာမနေနှင့်။ ကြီးမားစေသော အကြောင်းတရားများကလည်း ထိုကဲ့သို့ မိဘကျေးဇူးကိုသိပြီး လုပ်ကျွေးခဲ့ သော ဘ၀များမှာ အသင်္ချေအနန္တပင် မဟုတ်ပါလော။ ယခုခေတ်၌ ဘုန်းကံကြီးမားသူ နည်းပါး သည်မှာ မိဘကျေးဇူးတရားကိုမေ့ပြီး ပျော်တပြုံးပြုံး မော်မဆုံးနိုင်ဘဲ ငါးအာရုံအင်အစု ခင်မှုနှင့် နေ့ကုန်နေကြလို့သာဖြစ်သည်။ ခေတ်ပညာတတ်ကျွမ်းလာတော့ အိုကြီးချက်မ ဘာမျှမသိလှ သည့် မိဘတွေပါလားဟူ၍လည်း ကဲ့ရဲ့ကာအပြစ်ဆို အညစ်ပိုတတ်ကြသည့် သားသမီးများ လည်းရှိကြသည်။ အမည်နောက်မှာ ဆယ်ဘွဲ့ချိတ်ထားသော်လည်း မိဘကို စော်ကားသော သားသမီးများမှာ အဟိတ်တိရိစ္ဆာန်လိုသာဖြစ်ပေသည်။ ကျောင်းကသင်ပေးထားသော အတတ်ကား သညာသိ၊ နှလုံးသားမှလာသော အသိကား ပညာသိ ဖြစ်လေသောကြောင့် ပါရမီထိုက်သည့် ကုသိုလ်များမှာ ပညာသိဖြင့်လုပ်မှရ၏။

ထိုသို့အသိ ပညာရှိကား မိဘကျေးဇူး မဆိုထားနှင့်၊ “တစ်လုတ်စားဘူး သူ့ကျေးဇူး”ပင် မြဲစွာသတိကပ် ပေးဆပ်တတ်ကြသည်။ လူလားမြောက်အောင် အသက်နှင့်ရင်း မွေးပေးခဲ့ပြီး အလုတ်ပေါင်းများစွာ ကျွေးဘူးထားသော မိဘကျေးဇူးမှာကား ဆိုဖွယ်ရာမရှိတော့ပြီ။ ထို့ ကြောင့် ဘုရားရှင်ထုံး နှလုံးမူပြီး လမ်းညွှန်ပေးထားသည့်အတိုင်း လောကီလောကုတ္တရာ နည်းရှစ်ဖြာဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးကို အခါအခွင့် မလင့်စေဘဲ အမြန်မှန်စွာ ပေးဆပ်ပါလေ။
လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) စားရေးအတွက် ထောက်ပံ့ခြင်း။
(၂) ၀တ်ရေးအတွက် ထောက်ပံ့ခြင်း။
(၃) နေရေးအတွက် ထောက်ပံ့ခြင်း။
(၄) ကျန်းမာရေးအတွက် ထောက်ပံ့ခြင်း။
လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါတရားမရှိသည့် မိဘတို့ကို သဒ္ဓါတရားရှိအောင် တရားဟောပေးခြင်း။
(၂) ကိုယ်ကျင့်သီလကောင်း မရှိသောမိဘများအား သီလရှိအောင် တရားဟောပေးခြင်း။
(၃) စွန့်လွှတ်ပေးကမ်း မလှူဒါန်းကြသော မိဘများကို စွန့်လွှတ်စာဂ အာစာရနှင့် ပြည့်စုံအောင် တရားဟောပေးခြင်း။
(၄) အမှန်အမှား မပိုင်းခြားတတ်ဘဲ ပညာဉာဏ် နည်းပါးသောမိဘများအား ပညာရှိ အောင် တရားဟောပေးခြင်း။
(တရားဓမ္မ မဟောတတ်ကလည်း တခြားနည်းများဖြင့် ဆောင်ရွက်ပေးကြရပါမည်။)

မိဘကျေးဇူး လွန်စွာကြီးလှသောကြောင့် လောကီနည်း တစ်နည်းတည်းဖြင့်တော့ အသက်ရာ တိုင် ပေးဆပ်နိုင်သော်လည်း မိဘကျေးဇူး မကျေနိုင်ပေ။ ၎င်းကို ကိုးခန်းပျို့လင်္ကာမှာ “မိကို လက်ယာ၊ ဖကိုလက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ သုံးတိုင်ဝတ်တွား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားသိုက်ကျူး၊ ရှိတင်ဘူးသည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့။” ဟူ၍ ရေးစပ်ထားပေသည်။ ထို့ကြောင့် မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေ အောင် ဆပ်ကြရန်မှာ လောကီနည်း တစ်ခုတည်းဖြင့် မလုံလောက်၊ လောကုတ်နည်းဖြင့်ပါ ပြီးမြောက်အောင် ဆောင်ရွက်ပေးကြရပါမည်။ ဤနည်းဖြင့် ဆပ်လျှင်ကား ကျေးဇူးကျေသည့် လမ်းစဉ်ဖြစ်ကြောင်း “မိဘကျေးဇူး၊ ကြွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဖကို၊ ဖြောင့်ဖြချိုသာ၊ စေတနာဖြင့်၊ သဒ္ဓါစာသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကျိုးအားဆောင်ကာ၊ များမြောင်ထေထေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတို့၊ လမ်းစဉ်တည်း။”ဟူ၍ ရှေးပညာရှိတို့က ဗုဒ္ဓမြတ်ဘုရား မြွက်ကြားခဲ့သည့် အတိုင်း ကိုးကားကာ ရေးသားတော်မူခဲ့ကြပေသည်။

ထို့ကြောင့်နောက်ဆုံး နိဂုံးချုပ်ရပါလျှင် “မိဘနှစ်ဖြာ၊ ရှိနေပါလည်း၊ ကျေးဇူးမသိ၊ မဆပ်ဘိက၊ တစ်သက်လုံးလုံး၊ လူဖြစ်ရှုံး၏။”ဆိုသည့် ပညာရှိတို့ သတိပေးထားရာအတိုင်း မိမိကိုယ်ကို သတိဖြစ်စေခြင်းငှာလည်းကောင်း၊ စာရှုသူ ဓမ္မချစ်ခင် သူတော်စင်တို့အားလည်း သတိတရား ပွားများစေခြင်းငှာလည်းကောင်း ဤဓမ္မဆောင်းပါးဖြင့် ပါရမီဒါန ပြုလိုက်ရပါသည်။ စာရှုသူ ပရိတ်သတ်အားလုံး အပူခပ်သိမ်း ဒုက္ခငြိမ်း၍ သန္တိဓါတ်မြတ် ကိန်းနိုင်ကြပါစေသတည်း။

ဘာဝနာ ဘာလဲ ဘယ်လဲ

ဘာဝနာ ဘာလဲ ဘယ်လဲ

-------------

အိန္ဒိယနိုင်ငံ, နယူးဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ တီဟာအကျဉ်းထောင်သည် လူမဆန် အကြင်နာကင်းမဲ့သည့်အရာမှာ ထိပ်တန်းကပြေးလျက်ရှိ၏။ ပြဿနာပေါင်းကလည်း သောင်းခြောက် ထောင်။ ထို့ကြောင့် နာမည်ကျော်ကြားလှ၏။ ``လောကငရဲ´´ဟူသတတ်။

ထိုကဲ့သို့သောအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်က ပြောလိုက်သည့် စကား တစ်ခွန်းမှာ ကိုယ့်နားကိုပင် မယုံကြည်စရာ ဖြစ်လောက်ပါပေ၏။

``ကျွန်တော် အကျဉ်းထောင်ထဲမှာ ဘာဝနာရှုမှတ်နေပါတယ်´´တဲ့။

လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ ``လုံးဝ မဖြစ်နိုင်´´ ဟုထင်သည့်အရာ များက ကိုယ့်ရှေ့မှာပင် ထင်ထင်ရှားရှားဖြစ်နေ၏။ ၁၉၉၃-ခုနှစ်၌ ဆရာကြီးဂိုအင်ဂါသည် ထို တီဟာ ထောင်အတွင်းမှာ ၁၀-ရက်တရားစခန်းပွဲ ကျင်းပခဲ့၏။ ထောင်အုပ်ချုပ်ရေးမှူး အမျိုးသမီး ရဲအရာ ရှိကြီး ဘေဒီ၏တိုက်တွန်းတောင်းပန်ချက်ကြောင့် ဆရာကြီးဂိုအင်ဂါက ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

´´ဘာဝနာဆိုတာ မျက်စိမှိတ်ပြီး ရှာဖွေရေးခရီးထွက်တာပါ´´

´´ဘာဝနာရဲ့ပန်းတိုင်ကတော့ ကောင်းမွန်တဲ့ဘ၀တစ်ခုမှာ နေထိုင်သွားရေးပဲဖြစ်ပါတယ်´´

အကျဉ်းထောင်အတွင်းမှာ ကျင်းပသည့် ဆရာကြီးဂိုအင်ဂါ၏တရားစခန်းမှ ထွက်ပေါ်လာသည့် အသံများဖြစ်ပါသည်။ (ဤအကြောင်းအရာအားလုံးကို VCDဖြင့်မှတ်တမ်းတင်ထားပါသည်။ စိတ်ဝင်စားသူ များ လေ့လာကြည့်ရှုနိုင်ပါသည်။ မိမိသည် ဤVCDကိုကြည့်လိုက်သည့်အခါ စိတ်ထဲမှာ အံ့သြခြင်း ကြည်နူးခြင်း တို့ဖြစ်ရပါသည်။ )

တရားစခန်းပြီးသောအခါ ဘာသာပေါင်းစုံကိုးကွယ်နေသည့် အကျဉ်းသားများ၏ စိတ်ဓာတ် သည် ပြောင်းလဲသွားကြ၏။ ယခင်ကလို မရိုင်းစိုင်းတော့။ ထို့ကြောင့် ထောင်အရာရှိများနှင့် ဆက်ဆံ တဲ့အခါ ပိုပြီးအဆင်ပြေသည်ကို တွေ့ရ၏။ အကျဉ်းသားအချို့သည် ထောင်မှ လွတ်မြောက်သွား သည့်အခါ လူကြီးလူကောင်းဆန်ဆန် နေထိုင်သွားကြလေ၏။ ဤကား ဘာဝနာ၏စွမ်းအင်ပင်တည်း။

ဘာဝနာသည် အကျဉ်းသားများကိုတောင် နူးညံ့သိမ်မွေ့အောင်လုပ်နိုင်သည်ဆိုလျှင် အရပ် ထဲမှာ ရှိသည့် လူတို့အတွက်မှာမူကား အဘယ်ဆိုဘွယ်ရာရှိပါအံ့နည်း။

လူကြီးလူငယ်မဟူ လူမှုရေး, စီးပွားရေးစသည့်အလုပ်များကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ အလိုမကျမှု၊ ဂနာမငြိမ်မှု၊ အပြောင်းအလွဲမြန်မှု၊ အားငယ်မှု၊ စိတ်ညစ်မှု၊ မထိန်းချုပ်နိုင်မှု၊ ပတ်ဝန်း ကျင်တစ်ခုလုံးကို အဆိုးမြင်နေမှု၊ သည်းမခံနိုင်မှုစသည့် အကျင့်ဆိုး, စရိုက်ဆိုးများ တခါတရံ ဖြစ်ပေါ် လာတတ်ပါသည်။

ယင်းအကျင့်ဆိုးများ ရှိနေသမျှကာလပတ်လုံး ဘ၀မှာ ငြိမ်းချမ်းမှု, သာယာမှုတို့ မဖြစ်နိုင် တော့ပေ။ ထို့ကြောင့် ယင်းအကျင့်ဆိုးများကို ဖယ်ရှားပစ်ရပေမည်။ ဘာဖြင့် ဖယ်ရှားမည်နည်း။ ``နည်းလမ်း´´ လိုနေ၏။ ယင်းနည်းမှာ အခြားမဟုတ်၊ ဘုရားမြတ်စွာ၏ ``ဘာဝနာ´´ တည်း ဟူသော နည်းပင် ဖြစ်ပေသည်။ (သတ္တာနံ ၀ိသုဒ္ဓိယာ)

ဤနေရာ၌ ဘာဝနာဟုဆိုသော်ငြားလည်း ယခုဘ၀မှာပင် သံသရာဤဘက်ကမ်းမှ ပြည်နိဗ္ဗာန် ဟိုဘက်ကမ်းကို ချက်ချင်းရောက်နိုင်မည့် ဘာဝနာကို မဆိုလိုသေးပါ။ (ယင်းဘာဝနာကိုတော့ ထိုထို ကမ္မဋ္ဌာန်းဆရာများထံ၌ နည်းခံကြပါတော့)။ လူတို့နေ့စဉ်ဘ၀မှာ အလွယ်တကူ ကျင့်သုံးနိုင်သော ဘာဝနာကို ဆိုလိုပါသည်။ (အိမ်တွင်းဘာဝနာဟုပြောနိုင်ပါသည်။) ယင်းဘာဝနာဆိုတာ ဘာလဲ။ ဘယ်လဲ။

သမထဘာဝနာ (သမထကမ္မဋ္ဌာန်း) ကို ဘယ်လိုအားထုတ်ရမလဲ

စိတ်ကို ဖြူစင်အောင်, မြင့်မြတ်အောင် အဆင့်ဆင့်မြှင့်တင်ပေးသည့်ကျင့်စဉ်ကို ``ဘာဝနာ´´ ဟုခေါ်၏။ (ဘာဝနာနှင့်ကမ္မဋ္ဌာန်းအတူတူပင်)။ ယင်းဘာဝနာသည် သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာ ဆိုပြီး ၂-မျိုးရှိပါသည်။ သမထ ဘာဝနာ ဆိုသည်ကား ၀င်လေထွက်လေ(အာနာပါန) စသည့် အာရုံတစ်ခုခုကို စိတ်တည်ငြိမ်မှု ``သမာဓိ´´ ရရှိအောင် တစိုက်မတ်မတ် ရှုတ်မှတ်ခြင်းပင်တည်း။

မည့်သည့်အာရုံကိုပဲ ရှုရှု (ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကိုပဲ အာရုံပြုပြု၊ မေတ္တာ - လူနတ် တိရစ္ဆာန်များအား မေတ္တာကိုပဲ ပို့ပို့) တည်ငြိမ်မှု သမာဓိရဖို့သာ အဓိကဖြစ်၏။ ယင်းသို့တည်ငြိမ်နေလျှင် အကုသိုလ် တရားဆိုးများ ဖြစ်ခွင့်မရှိတော့။ ယင်းသို့ဖြစ်ခွင့် မရှိလျှင် စိတ်သည် ငြိမ်းအေးနေ၏။ ထိုသို့ ငြိမ်းအေး စေတတ်သောနည်းကိုပင် ``သမထ´´ဟုခေါ်ရ ပေသည်။

``ဦးဇင်းဘုရား၊ တပည့်တော် ဘာဝနာကို ဘယ်လို ရှုမှတ်ရသလဲဆိုတာကို သိချင်တာနဲ့ တရားစာအုပ်တွေကို ဖတ်တယ်၊ ဆရာတော်ပေါင်းမြောက်မြားစွာရဲ့ တရားတော်တွေကို နာတယ်၊ ဒါပေမဲ့ ယောင်ဝါးဝါး ဖြစ်နေတယ်၊ အတိအကျ ကောက်ချက်ချလို့မရဘူးဖြစ်နေတယ်၊ ဟို ဆရာတော်က တစ်မျိုးရေးလိုက် ဒီဆရာတော်က တစ်မျိုးဟောလိုက်နဲ့ဆိုတော့ အယူအဆတွေက အမျိုးမျိုးဖြစ်နေတယ်ဘုရား၊ ဒီတော့ ဘာဝနာကို ဘယ်လိုရှုမှတ်ရမလဲဆိုတာကို ရှင်းရှင်း လင်းလင်း မသိဘူးဖြစ်နေတယ်ဘုရား´´ဟု တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ၏ ခံစားချက်ကို မိမိအား လျှောက်ထားလေ၏။

သူပြောသည့်စကားမှာ သဘာဝကျလှ၏။ လူမမည်ကလေးတစ်ယောက်အဖို့ အလွန်ကြီးကျယ် ခန်းနားသော ဈေးကြီးထဲသို့ရောက်သွားသောအခါ ဘယ်နားရောက်လို့ ရောက်မှန်းမသိ၊ ကိုယ် လိုချင်သည့် ပစ္စည်း ဘယ်နားမှာ ရှိလို့ရှိမှန်းမသိ ဖြစ်သကဲ့သို့ တရားကို စိတ်ဝင်စားကာစ လူငယ် လူရွယ်တစ်ယောက်အဖို့ ပိဋကတ်စာပေကျမ်းဂန်ကြီးများ၊ သုတ္တန်တရားတော်များကို လေ့လာ ဖတ်ရှု နာယူသောအခါ ကမ္မဋ္ဌာန်း, ဘာဝနာ, သမထ, ၀ိပဿနာ, သတိပဋ္ဌာန် ဆိုသည့်စကားလုံးများ၏ အဓိပ္ပါယ်ကို ဘယ်လိုမှတ်လို့ မှတ်ရမှန်းမသိ၊ တရားကို ဘယ်လို အားထုတ်လို့အားထုတ်ရမှန်းမသိ၊ ဖြစ်ကုန်တော့ သည်။

ထို့ကြောင့် လယ်တီဆရာတော်စသော ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ၏ တရား ရှုမှတ်ပုံနည်းများကို အခြေခံကာ လူငယ်လူရွယ်များအား ရည်ရွယ်၍ နေ့စဉ်ဘ၀မှာ ကျင့်သုံးနိုင်သော ဘာဝနာရှုမှတ်ပုံကို တင်ပြလိုက်ပါသည်။

ဘာဝနာကိုပွားများအားထုတ်သော (သို့မဟုတ်) ကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် ထိုင်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ လျောင်းအိပ်ခြင်းတည်းဟူသော ဣရိယာပုထ် (မျှတအောင်နေနည်း) ၄-မျိုး တို့တွင် မိမိတို့ကြိုက်နှစ်သက်သလို ရှုမှတ်နိုင်ပါသည်။ သို့သော် တရားစခန်းပွဲ၌ကား စုပေါင်း၍ အားထုတ်သည့်အတွက် ထိုင်၍ အားထုတ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

သမထကို အားထုတ်သောသူသည် ရှေးဦးစွာ ခါးကိုဖြောင့်ဖြောင့်ထားပြီး ထိုင်ပါ။ (အိပ်ရာပေါ် ၌ လှဲလျောင်း၍လည်း ရှုမှတ်နိုင်၏။) ထို့နောက်မှ - - -

    • မိမိ၏စိတ်ကို နှာသီးဖျားဖြစ်စေ၊ နှုတ်ခမ်းဖျား၌ဖြစ်စေ ခိုင်မြဲစွာကပ်ထားပြီး ၀င်လေ ထွက်လေကို အာရုံပြုပါ။
    • ၀င်လေထွက်လေကို မှန်မှန်ရှူပါ။ ၀င်လာပြီ ထွက်သွားပြီဟုနှုတ်က ဆိုစရာမလိုပါ။
    • အခြားမည်သည့်အာရုံအပေါ်မှာပဲဖြစ်ဖြစ် စိတ်မရောက်စေဘဲ ၀င်တိုင်းထွက်တိုင်း သိအောင် ရှုမှတ်ပါ။
    • နှာသီးဖျား (သို့) နှုတ်ခမ်းဖျား၌ ၀င်လေထွက်လေ ထိထိနေတာကို သိသိနေပါ။
    • ညောင်းလည်းမပြင် ယားလည်းမကုတ်ပဲ နာရီဝက်၊ တစ်နာရီစသည်ဖြင့် မိမိသတ်မှတ် ထားသည့် အချိန်ကာလထိ ရှုမှတ်ပါ။

အချိန်ကြာကြာ ရှုမှတ်သည့်အခါ စတင်အားထုတ်ခါစထက် စိတ် တည်ငြိမ်မှု ပို၍ပို၍ ရှိလာ၏။ စိတ်ကလည်း ပို၍ထက်သန်လာလေ၏။ ထိုကဲ့သို့ အရှိန်ရလာလျှင် -

    • မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေရအောင် ဂရုတစိုက် ရှုမှတ်ပါ။

ယင်းသို့အားထုတ်ပါက ၀င်လေထွက်လေသည် သိမ်မွေ့သည်ထက် သိမ်မွေ့လာပါလိမ့်မည်။ အသက်ရှူလို့ရှူမှန်း မသိလောက်အောင်ကို ဖြစ်တတ်ပါသည်။ ထိုသမာဓိမျိုးရရှိပါက အလွန်ငြိမ်းချမ်း သော ခံစားမှုမျိုးကို ရနိုင်ပါသည်။

၁၀-ရက်တရားစခန်းဝင်သည့် ဘာသာခြားတစ်ယောက်က ``နှာသီးဝမှာ စိတ်ကလေး ငြိမ်နေ ဘို့ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်၊ အတွေးတွေဟာ ရောက်ရောက် လာတယ်၊ အမှတ်ရတာတွေ, မျှော်လင့်တာတွေ ၀င်လာပါတယ်၊ ၃-ရက်လောက်ကြာမှ သတိမြဲလာ တယ်၊ အတွေးတွေဟာ တိမ်တွေလိုပဲ လွင့်သွားပါတယ်၊ သိမ်မွေ့နူးညံ့တဲ့ ၀င်လေ ထွက်လေကို သိလာပါတယ်´´ဟု သူ့အတွေ့အကြုံကို ပြောပြလေ၏။

တချို့ ဇွဲကောင်းသော သူများကား ၃-နာရီ၊ ၄-နာရီထိ မရပ်မနား ရှုမှတ်ကြပါသည်။ အချိန် ကာလမှာ မိမိတို့ သတ်မှတ်သည့်အပေါ်မှာ မူတည်ပါသည်။ တချို့ကမ္မဋ္ဌာန်းဆရာများက ၅-ရက်, ၇-ရက်, ၁၀-ရက် တရားစခန်းများ၌ သင့်လျော်သလို ၃-ရက် ၄-ရက် လောက်ထိ သမထ သက်သက် ကိုသာ အားထုတ်ခိုင်းပါသည်။ သမာဓိအားကောင်းဖို့ အတွက်ပင်တည်း။ သဘာဝကျလှ၏။ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်နိုင်ပါသည်။ ပါရမီနုသောသူများကား သမာဓိအားကောင်းဖို့အတွက် သမထကို အချိန်ကြာကြာ အားထုတ်သင့်ပေသည်။ ဘာ့ကြောင့်နည်း။ သမာဓိအားကောင်းမှသာလျှင် ၀ိပဿနာရှုမှတ်သည့်အခါ ပို၍ လွယ်ကူမည်ဖြစ်သောကြောင့်တည်း။

မည်သို့ဖြစ်စေ၊ သမထရှုမှတ်သည့်အတွက် မကောင်းသည့်စိတ်များ ဖြစ်ချင်သလို ဖြစ်ခွင့် မရှိသည်ကတော့ သေချာလှ၏။ အဆက်မပြတ်ရှုမှတ်နေသည့်အတွက် အကုသိုလ်စိတ်များ သောင်း ကြမ်းချင်သလောက် သောင်းကြမ်းခွင့်မရတော့ရကား စိတ်အေးငြိမ်းမှု ရရှိနိုင်သည်မှာ ပြောဘွယ် မလိုတော့ပေ။

ဒကာတစ်ယောက်က ဘာဝနာရှုမှတ်လိုက်သည့်အတွက် ရရှိသည့်အကျိုးတရားကို ဤသို့ ပြောပြ၏။ `` ချမ်းသာသုခဆိုတာ မိမိကိုယ်ထဲမှာ ရှိတယ်ဆိုတာကို သိလာပါတယ်´´ဟူ၏။

(ဤနေရာ၌ သမထကမ္မဋ္ဌာန်းနည်းပေါင်း ၄၀- ထဲမှ အသုံးများသော ``အာနာပါန´´ဟုခေါ်တွင်သော ၀င်လေထွက်လေ ကိုသာ တင်ပြထား၏။ ဘုရားအဆူဆူတို့သည်လည်း ဤအာနာပါနဖြင့် ဈာန်ရအောင် အားထုတ်ပြီးမှ မဂ်ဖိုလ်ရအောင် အားထုတ်ကြပါသည်။)

ဝိပဿနာဘာဝနာ (၀ိပဿနာကမ္မဋ္ဌာန်း) ကို ဘယ်လိုအားထုတ်ရမလဲ

´´၀ိပဿနာဆိုတာ အရှိကိုအရှိအတိုင်း, အမှန်ကို အမှန်အတိုင်း တွေ့မြင်သိရှိစေနိုင်တဲ့ ဉာဏ်မျက်စိပဲ ဖြစ်ပါတယ်´´။ (ဆရာကြီးဂိုအင်ဂါ)

``ကျွန်တော် လူတွေကို မယုံကြည်ဘူး၊ လူတွေက ကျွန်တော်ကို ကောင်းကောင်း မဆက် ဆံဘူး၊ ဒီတော့ လူတွေကို မုန်းတယ်၊ ကျွန်တော့်ဆီမှာ ဗုံးတစ်လုံးသာ ရှိမယ်ဆိုရင် သူတို့ထဲမှာ ပစ်ထည့်လိုက်ချင်တယ်၊ ကျွန်တော်တရားမထိုင်ခင်က ဖြစ်တဲ့စိတ်ပါ၊ အခု ကျွန်တော် တရားရှုမှတ် လိုက်တော့ အဲဒီစိတ်တွေ လျော့သွားတယ်၊ ဘာဝနာဟာ အဒီလိုလောက်မုန်းတီးခြင်း မလိုတမာ ဖြစ်ခြင်းစတဲ့ စိတ်တွေကနေ ဝေးရာကို တဖြေးဖြေးနဲ့ ခေါ်ခေါ်သွားပါတယ်၊ ဒါကြောင့် တရား အားထုတ်မှုဟာ ဘ၀ရဲ့ နေနည်းတစ်ခုပါ´´တဲ့။ (တပည့် ယောဂီ)

သမထကို ရှုမှတ်ပွားများသောသူသည် သမာဓိ (စိတ်တည်ငြိမ်မှု) ရရှိလာ၏။ ထိုအခါ ၀ိပဿနာကို ပြောင်း၍ ရှုမှတ်ရတော့မည်။ မည်မျှလောက် သမာဓိ (တည်ငြိမ်မှု) ရှိရမည်ဟု သတ်မှတ်ချက် မရှိ။ မိမိကြိုက်နှစ်သက်သည့် အတိုင်းပင်တည်း။

သမထဆိုသည်ကား စိတ်တည်ငြိမ်မှုရအောင် အာရုံတစ်ခုခုအပေါ်မှာ စိုက်ပြီး ရှုမှတ်ရပါသည်။ ၀ိပဿနာဆိုသည်ကား ရုပ်နှင့် နာမ်(စိတ်)တို့၏ ဖြစ်ပေါ်ပြီး ပျက်, ပျက်သွားသည့် သဘောကို ရှုမှတ် ရပေသည်။ (ရုပ်ဆိုသည်ကား မသိတတ်သည့်သဘောတည်း။ မြေရေလေမီး၊ ကိုယ်၊ ၀င်လေ ထွက်လေစသည့် အရာဝတ္တုများ။ နာမ်ဆိုသည်ကား- သိတတ်သော သဘောတည်း။ စိတ်နှင့် ဝေဒနာ လောဘ ဒေါသ သဒ္ဓါ ပညာစသည့် တရားများ။)

နောက်တစ်မျိုးမှတ်ရန်ကား သမထဆိုသည်မှာ တစ်နေရာတည်းမှာ စိုက်ပြီး ရှုမှတ်ရ၏။ ၀ိပဿနာဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ရ၏။

အလွန်အလေးဂရုပြုထိုက်သော ဆရာတော်ကြီးများ၏ ၀ိပဿနာရှုနည်းကို လေ့လာကြည့် သည့်အခါ မိမိအကြိုက် ၂-နည်း တွေ့ရပါသည်။ အခြားသောနည်းများလည်းရှိသေး၏။ ထိုထို ကျမ်းဂန်များ၌ ကြည့်ကြပါတော့။ ယင်း ၂-နည်းမှာ - - -

      ၁။ ``မြင်ရင် မြင်တယ်၊ ကြားရင်ကြားတယ်´´ဟု စသည်အားဖြင့် ပေါ်လာသမျှအာရုံကို ရှုမှတ်ခြင်း၊

၂။ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ရှုမှတ်ခြင်းတို့ဖြစ်ပါသည်။

အမှတ် (၁)နည်းအရ ၀ိပဿနာကို အားထုတ်သောသူသည် - - -

    • မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေထွက်လေအာရုံပြုပါ၊ အာရုံပေါ်မှာ စိတ်တည်ငြိမ်မှု ရှိအောင်ကြိုးစားပြီး အားထုတ်ပါ။
    • စိတ်တည်ငြိမ်မှု သမာဓိရလာသောအခါ ခန္ဓာကိုယ်ပေါ်မှာ စိတ်ကို ဖြန့်ကျက်ပြီး ထင်ရှားသည့်အာရုံကို မမြဲသည့်သဘောဖြင့်တင်ပြီး ရှုမှတ်ပါ။ ဝေဒနာထင်ရှားလျှင် ဝေဒနာကို ရှုပါ၊ ဒေါသထင်ရှားလျှင် ဒေါသကို ရှုပါ။ ထင်ရှားသည့် အာရုံတစ်ခုခုကို ရှုမှတ်ပါ။
    • နာကျင်မှုစသော ဝေဒနာများ (နာမ်) ပေါ်လာလျှင် ``နာလျှင် နာတယ်၊ ကျင်လျှင် ကျင်တယ်´´ ဟု သတိဖြင့် စိုက်ပြီး ရှုမှတ်ပါ။
    • စိတ်က ဟိုဟိုဒီဒီ ကြံစည်တွေးတောမိလျှင်လည်း ထိုစိတ် (နာမ်တရား) ကို စိုက်၍ ရှုမှတ်ရမည်။ စိတ်ကူးလျှင် ``စိတ်ကူးတယ်´´၊ ကြံလျှင် ``ကြံတယ်´´ဟု ရှုမှတ်ပါ။
    • ထိုသို့ ရှုမှတ်နေစဉ် အသံ(ရုပ်တရား) ကြားလျှင် ``ကြားတယ်၊ကြားတယ်´´ဟု သတိဖြင့် မှတ်ပါ။ သမာဓိအားကောင်းကောင်းနှင့် မှတ်လျှင် ကြားရသည့်အသံ မမြဲဆို သည်ကို သိလာပါလိမ့်မည်။
    • အသံနောက်ကို စိတ်က မလိုက်မိအောင် သတိထားပါ။ ကြားကာမျှပဲ ရှုမှတ်ပါ။
    • သွားတဲ့အခါမှာလည်း ``သွားတယ်´´၊ ရပ်တဲ့အခါမှာလည်း ``ရပ်တယ်´´၊ ထိုင်တဲ့ အခါမှာလည်း ``ထိုင်တယ်´´ဟု မိမိလှုပ်ရှားတိုင်း ရှုမှတ်ပါ။ စားရင်းသောက်ရင်းနှင့် လည်း ``စားတယ်၊ သောက်တယ်´´ဟု ရှုမှတ်ပါနိုင်ပါသည်။

အလုပ်ပေးတရားခွေတစ်ခု၌ တရားပြဆရာတော်ကြီးက ယောဂီ(တရားအားထုတ်သူ)များအား ဤကဲ့သို့ လမ်းညွှန်ထား၏။

``လိုရင်းအနှစ်ချုပ်မှာ ကိုယ်အမူအရာ (ရုပ်တရား) ဖြစ်တိုင်း, စိတ်ခံစားမှုဖြစ်တိုင်း ထင်ရှားသည့် အာရုံတစ်ခုခုကို သတိဖြင့် ရှုမှတ်နေဖို့ပါပဲ၊ သမာဓိအားကောင်းကောင်းနဲ့ ရှုမှတ်လျှင် ဖြစ်ပေါ်ပြီး ပျောက် ပျောက်သွားသည့် ရုပ်, စိတ်တို့ကို အလိုလို သိမြင်လာပါတယ်၊ ရုပ်တရားဟာ ရေမြှုပ်, ရေပွက်များလို ပျောက်ပျက်သွားတာကို စိတ်ထဲမှာ ထင်မြင်လာပါတယ်၊ ဖြစ်ပေါ်ပြီး ပျောက် ပျက်နေသည့် သဘောကို မမြင်လျှင်လည်း ဆက်အားထုတ်ပါ၊ သမာဓိအားနည်းလို့ မမြင်တာပါ၊ သမာဓိအား ကောင်းလာလျှင် မြင်လာပါလိမ့်မည်´´ဟူ၍ မိန့်တော်မူထားသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။

``အမှတ် (၂)နည်းအရ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ပုံ´´ကိုတော့ ပို၍နားလည်, သဘောပေါက်လွယ်အောင် ဆရာတော်တစ်ပါး၏ ကိုယ်တွေ့ ရှုမှတ်နည်းကို တင်ပြလိုက်ပါ၏။

    • ``ရှေးဦးစွာ ၀င်လေထွက်လေကို သတိကပ်ပြီး ရှုမှတ်ပါတယ်။ သမာဓိရလာတဲ့အခါမှာ နှာသီးဝမှာ တလှုပ်လှုပ်တရွရွ ဖြစ်လာပါတယ်၊ ပုရွက်ဆိတ်လေးများ တက်လာသလို ခံစားရပါတယ်၊ အဲဒီသဘောလေးကတော့ အခုမှတ် အခုတွေ့ပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ အားထုတ်နေကျ, ရှုမှတ်နေကျ ဖြစ်လို့ပါ။´´
    • ``အဲဒီအချိန်မှာ ရှုမှတ်စိတ်ကို ငယ်ထိပ်ပေါ်ကို တင်လိုက်ပါတယ်၊ ငယ်ထိပ်ပေါ်မှာ ပူမှု အေးမှု လေးတွေ ထင်ထင်ရှားရှားဖြစ်ပေါ်လာတယ်၊ ရံဖန်ရံခါမှာ တလှုပ်လှုပ် တရွရွနဲ့ ယားယံမှုလေးတွေ ဖြစ်လာပါတယ်။ တခါတရံမှာလည်း တင်းတင်းကျပ်ကျပ် ခံစား ရပါတယ်´´။
    • ``စိတ်စိုက်ပြီး မမြဲတဲ့သဘောကို ရှုမှတ်လိုက်တဲ့အခါမှာ ငယ်ထိပ်တ၀ိုက်မှာ ဖြစ်ပေါ် လာပြီး ပျောက်ပျက်သွားတဲ့ ရုပ်မှုန်လေးတွေကို ထင်ထင်ရှားရှား မြင်လာပါတယ်၊ ရေပြင်ကို တုတ်နှင့် ရိုက်ပုတ်လာသည့် အခါ ရေများဖြာထွက်သကဲ့သို့ ရုပ်ကလာပ်, ရုပ်မှုန်လေးများ အလွှာလိုက် အလွှာလိုက် ပျက်စီးသွားတာကို မျက်လုံးဖြင့် မြင်ရသလို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။´´
    • ``အဲဒီကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်မှာပဲ ကြည့်လိုက်လိုက်၊ လက်ကိုပဲ ကြည့်ကြည့်၊ ခြေထောက်ကိုပဲကြည့်ကြည့် ရုပ်ကလာပ်, ရုပ်မှုန်လေးများ တဖွားဖွားနဲ့ ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားတာကို စိတ်ထဲမှာ မြင်တွေ့ရပါတယ်း။´´
    • ``ပြီးတော့ စိတ်ကို စိုက်ကြည့်လိုက်ရင်လည်း ရှေးစိတ်က ပျောက်ပျောက်သွားလိုက်၊ နောက်စိတ်က ပေါ်ပေါ်လာလိုက်၊ အဲဒီပေါ်တဲ့စိတ်က ပျောက်သွားရင်လည်း နောက် နောက်စိတ်က ပေါ်လာပြန်ရော၊ အဲဒီလိုနဲ့ စိတ်အစဉ်အတန်းကြီးဟာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါဟာ အနိစ္စလက္ခဏာကို လက်တွေ့ မြင့်တွေ့ ခြင်းပဲ ဖြစ်ပါတယ်´´။

ဤကား လက်တွေ့အားထုတ်နေသည့်ဆရာတော်က မိမိကို ပြောပြခြင်းဖြစ်ပါသည်။ ထိုဆရာ တော်သည် အခု သြစတေးလျနိုင်ငံ၌ သာသနာပြုလျက်ရှိ၏။ မိမိသည် တရားစခန်းပွဲ ၂-ကြိမ် ၀င်ဖူးပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ထိုဆရာတော်ကဲ့သို့ အနိစ္စလက္ခဏာကို ကောင်းကောင်း မမြင်ခဲ့ရပါ၊ ယင်းသို့မမြင်ခြင်းမှာ သမာဓိအား နည်းသောကြောင့်တည်း။

တရားရှုမှတ်ရသည်မှာ မလွယ်ကူလှ။ မိမိစိတ်ကို ၀င်လေထွက်လေအပေါ်မှာ တင်လိုက် လျှင်ပင် အတွေးများက တသီတတန်းကြီး အလျှိုအလျှိုပေါ်ထွက်လာပါတော့သည်။ စိတ် တည်ငြိမ်မှု ရဖို့ကိုပင် မနည်း ကြိုးစားရပေသည်။ ထိုသို့ကြိုးစားခြင်းဖြင့် စိတ်၏တည်ငြိမ်မှုကိုရရှိနိုင်ပါသည်။

ဝိပဿနာရှုမှတ်သောသူသည် ရုပ်, စိတ်တို့၏ ဖြစ်ပေါ်ပြီး ပျောက်ပျောက်သွားသည့် သဘော ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း စိတ်တည်ငြိမ်မှုကတော့ ထိုက်သလောက် ဖြစ်နေပါ၏။ ထို့ကြောင့် အလိုမကျမှု, ကြောင့်ကြမှုစသော အပေါ်ယံ စိတ်အညစ်အကြေးများ ၀င်ရောက်ခွင့် မရှိ တော့ပါ။ ဤကား လက်ငင်းရနိုင်သောအကျိုးတရားတည်း (သတိပဋ္ဌာန်ဆိုသည်မှာလည်း ၀ိပဿနာ ပင်တည်း၊ အတူတူပင်။)

ဘာ့ကြောင့် ဘာဝနာကို ပွားများရသလဲ

ရုပ်ခန္ဓာကိုယ်ကြီးသည် အစားအစာတည်းဟူသော အာဟာရလိုအပ်သကဲ့သို့ စိတ်သည်လည်း အာဟာရလိုအပ်ပေသည်။ စိတ်ထဲ၌ ပူပန်မှု ကြောင့်ကြမှု အလိုမကျမှု မနာလိုမှု ၀န်တိုမှု အလို ရမက်ကြီးမှု မသိနားမလည်မှုစသည်တို့ လွန်လွန်ကဲကဲဖြစ်နေလျှင် စိတ်သည် ပင်ပန်း ဆင်းရဲနေ၏။ ယင်းပန်းဆင်းရဲမှုကို ``စိတ်၏ဖိစီးမှု´´ဟုပြောကြ၏။

``စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ကိုယ်ကြေ´´ ဆိုသည့်အတိုင်း ယင်းသို့ စိတ် ဖိစီးမှု များနေလျှင် နေလို့ထိုင်လို့မကောင်းတော့။ အခန့်မသင့်လျှင် ရောဂါများပင် ၀င်ရောက်နိုင်၏။ တချို့ ဆိုလျှင် စိတ်ဖိစီးမှုများ လွန်ကဲနေသည့်အတွက် လုံးဝ အိပ်လို့မရ။ သမထ (သို့) ၀ိပဿနာကိုသာ အားထုတ်လိုက်စမ်းပါ။ လုံးဝ အဆင်ပြေသွားနိုင်ပါသည်။

ထို့ကြောင့် စိတ်ဖိစီးမှုများ ကျဆင်းဖို့အတွက် စိတ်၏အာဟာရသဖွယ်ဖြစ်သော သမထ (သို့) ၀ိပဿနာကိုသာ တတ်စွမ်းသမျှ အားထုတ်သင့်လှပေသည်။ ဆေးသိပ္ပံပညာရှင်များက စိတ်ဖိစီးမှု ကျဆင်းဖို့အတွက် ဘာဝနာကို ပွားများအားထုတ်သင့်ကြောင်း အကြံပြုထား၏။

အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက ``သူ့မှာရောဂါဖြစ်စဉ် ဒုက္ခဝေဒနာ၏ဒဏ်ကို အလူးအလှိမ့်ခံခဲ့ရကြောင်း၊ အလွန်ပြင်းထန်သော ထိုဒုက္ခဝေဒနာကို ဘာဝနာဖြင့် ခုခံခဲ့ရကြောင်း၊ ဘာဝနာသာ ပွားများမှုမရှိလျှင် အခုလို အသက်ရှည်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လူမှုဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့အတွက် တစ်ရက်လျှင် ၁-နာရီဝန်းကျင်လောက် ဘာဝနာကို အားထုတ်သင့်ကြောင်း´´ စသည်ဖြင့် မဟာစည်ဆရာတော်၏ ဟောတရားစာအုပ်နိဒါန်း၌ သူကိုယ်တိုင် ရေးသားတိုက်တွန်း ခဲ့ပါသည်။

သမထ (သို့) ၀ိပဿနာကို ရှုမှတ်စဉ်အတွင်း၌ စိုးရိမ်မှု ကြောင့်ကြမှု ပူပန်မှုတို့ မရှိတော့ရကား စိတ်၏ တည်ငြိမ်မှု, ငြိမ်းအေးမှုကိုလည်း အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့ကြောင့် လောကဓမ်တို့၏ ထိုးနှက်မှုကိုလည်း ခုခံနိုင်စွမ်းရှိပါသည်။

နောက်ပြီး မိမိစိတ်၏ အကြောင်းကိုလည်း ပို၍သိမြင်လာပါသည်။ ကိုယ့်စိတ်အကြောင်း ကိုယ် သိမှလည်း ပြင်လို့ရမည်ဖြစ်ပါ၏။ တချို့ဆိုလျှင် တရားရှုမှတ်ပြီးနောက် မိမိ၏အမှားများကို သိရှိပြီး ကိုယ်ပြစ်မှားမိခဲ့သူများကို ခွင့်လွှတ်ဖို့ပင် တကူးတက သွား၍ တောင်းပန်ကြ၏။ ဤသည်တို့ကား မျက်မှောက်ဘ၀၌ ဘာဝနာ၏ လက်တွေ့အသုံးဝင်ပုံတို့ပင်တည်း။

လူငယ်လေးတစ်ယောက်ကတော့ ပြော၏။ ``တရားရှုမှတ်လိုက်သည့်အတွက် ကိုယ် ဘာ လုပ်ရမယ်, ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေကို ရလာပါတယ်´´ဟူ၏။

ထို့အပြင် ဘာဝနာရှုမှတ်ခြင်းကြောင့် မျက်မှောက်ဘ၀၌ ဈာန်, မဂ်, ဖိုလ်များကို မရရှိတောင် နောက်နောင်ဘ၀များ၌ အလွယ်တကူ ရရှိနိုင်ပါသည်။ ဤကား ဘာဝနာရှုမှတ်ခြင်းကြောင့် ရရှိနိုင် သည့်အကျိုးတရားများဖြစ်ပါသည်။

ဘာနှင့်ပစ်ပစ် ပစ်မှတ်မှန်ဖို့က အရေးကြီးပါတယ်

လူငယ်လေးတစ်ယောက်က ``ဘာဝနာကို ၁-နာရီလောက်ပဲ ရှုမှတ်ချင်သည်ဆိုလျှင် သမထနှင့် ၀ိပဿနာကို ဘယ်လို အချိန်ခွဲခြားပြီး ရှုမှတ်ရမည်လဲ´´ဟု မေး၏။

တချို့ကား ၁-နာရီဆိုသည့်အချိန်သည် အလွန်တိုတောင်းသည့်အတွက် ``သမာဓိဖြစ်ဖို့ အရေးကြီးတယ်´´ဆိုပြီး ``သမထ´´သက်သက်ကိုသာ ရှုမှတ်၏။ သမထဆိုပြီး အထင်မသေးသင့်။ အကျိုးကျေးဇူးကား ကုန်နိုင်ဘွယ်မရှိ။ ဘာဝနာအလုပ် မဆိုးထားဘိ၊ နေ့စဉ်ပြုလုပ်နေရသည့် အလုပ် ကိစ္စများမှာတောင် စိတ်တည်ငြိမ်မှု(သမာဓိ) ရှိဖို့ လိုအပ်၏။ စိတ်မတည်ငြိမ်လျှင် အမှားအမှား အယွင်း ယွင်းဖြစ်ကုန်တော့သည်။ ထို့ကြောင့် သမထသည် အလွန်အရေးကြီးလှပါသည်။

ဘုရားမြတ်စွာ၏ အရေးကြီးဆုံးဖြစ်သည့် ``သီလ သမာဓိ ပညာ´´ဟူသော ကျင့်စဉ် သုံးမျိုးတွင် သမာဓိ (သမထ) ကျင့်စဉ်သည် ဒုတိယကျင့်စဉ်ဖြစ်သောကြောင့် သမထကို အချိန် ရသလောက် အားထုတ်သင့်၏။ သမထအရေးကြီးပုံကို ဆရာတော်ကြီးတစ်ပါးက အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးတော်မူထား၏။

Sometimes, when we find it difficult to concentrate the mind by means of vipassana meditation, we have to use samatha for some time so that we can concentrate our mind well on the object of meditation. Having attained deep concentration of the mind, we return to vipassana and observe whatever arises in body and mind as it really occurs.

``တခါတရံ ၀ိပဿနာကိုရှုမှတ်သည့်အခါ ဘယ်လိုမှ ရှုမှတ်လို့ မရ၊ ထိုအခါ သမထကို ရှုမှတ်ရ၏၊ သမထကို ရှုလိုက်တော့မှ စိတ်သည် သမာဓိရလာပြီး တည်ငြိမ်လာ၏၊ စိတ်တည်ငြိမ်မှ ၀ိပဿနာကို ပြန်လည်ရှုမှတ်ရပါသည်။´´(ဘာသာပြန်)

တချို့သမာဓိအားကောင်းသူများကတော့ ၀ိပဿနာကိုပဲ အားထုတ်ကြ၏။ ၀ိပဿနာဟု ဆိုသော်လည်း သမာဓိ (သမထ)ကတော့ ပါဝင်ရပေသည်သာ။ ၀ိပဿနာဘာဝနာမှာ ``ဉာဏ် ပညာက ခေါင်းဆောင်၊ သတိ သမာဓိတို့က နောက်လိုက်´´ဆိုသည်ကို မေ့မပစ်ပါနဲ့။ ဘာကိုပဲ မှတ်မှတ် မှတ်ကောင်းဖို့ပဲ အရေးကြီးပါသည်။

တချို့လူများက အချိန် ၁-နာရီအတွင်းမှာ သမထကို နာရီဝက်၊ ၀ိပဿနာကို နာရီဝက် ဟုခွဲခြားပြီးလည်း ရှုမှတ်ကြ၏။ မည်သို့သို့ မှတ်မှတ် ဘာဝနာပင်တည်း။ သမထနှင့် ၀ိပဿနာကို တစ်ခုစီ အချိန်သတ်မှတ်ဖို့ရန် အရေးမကြီးပါ။ မိမိဆန္ဒအပေါ်မှာမူတည်ပါသည်။ အဓိက ပန်းတိုင်မှာ ယုတ်မာသည့်စိတ်, သေးသိမ်သည့်စိတ်, ကြမ်းတမ်းသည့်စိတ်, ရိုင်းစိုင်းသည့်စိတ်တို့ မဖြစ်ဖို့ ပင်တည်း။

ဤမျှလောက်ဆိုလျှင် မိမိတို့နေ့စဉ်ဘ၀မှာ လူမှုကိစ္စများကို လုပ်ကိုင်ဆောင်ရွက်ရင်းနှင့် အချိန်ရသလောက် လိုက်နာကျင့်သုံးနိုင်သော - - -

``ဘာဝနာဆိုတာ ဘာလဲ ´´

``ဘာဝနာသည် ဘယ်လဲ ´´ ဆိုသည့် မေးခွန်းကို ဖြေဆိုနိုင်လောက်ပါပြီ။ လက်ခံနိုင်ဖို့ ခက်ခဲနေသလား။ ``အမှန်တရားသည် လက်တွေ့နောက်မှာရှိ၏´´ဟူသော ဆိုရိုးစကားကို သင် ကြားဖူးပါလိမ့်မည်။ ထို့ကြောင့် လက်တွေ့ကြိုးစားကြည့်စေချင်ပါသည်။

``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´ဟု ဓမ္မက သင့်ကို ကြိုဆိုနေလျက်ပါ။

-------------------

(ဤဆောင်းပါးသည် လက်တွေ့ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြသည့်ဆရာတော်ကြီးများ၏ ရှုမှတ် နည်းများ, ယခု အားထုတ်နေဆဲဖြစ်သည့် သီတင်းသုံးဖေါ်ရဟန်းတော်များ၏ အတွေ့အကြုံများ, တရား စခန်းဝင် ယောဂီ လူပုဂ္ဂိုလ်များ၏ အတွေ့အကြုံများကို အခြေခံလျက် ရေးထားခြင်းဖြစ်ပါသည်။ လူမှုရေး စီးပွား ရေး သားရေးးသမီးရေးတို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသော လူငယ်လူရွယ်များအား မိမိတို့အချိန်ရသလောက် ဘာဝနာရှုမှတ်ပြီး သောကကင်းဝေးသော, ငြိမ်းချမ်းသာယာသော ဘ၀တစ်ခုကို တည်ဆောက်နိုင်ဖို့ အဓိက ရည်ရွယ်ပါသည်။ မရှင်းလင်းသည့် အဓိပ္ပါယ်များ, အကြောင်းအရာများ၊ သံသယဖြစ်စရာ အချက်အလက် များကို မေးမြန်းလိုပါက ashindevindabhivamsa@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။)

``သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ´´

အရှင်ဒေ၀ိန္ဒာဘိဝံသ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့

(၂၆၊ ၀၇၊ ၂၀၀၉)

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာသက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကိုကြိုကြိုတင်တင်ဝယ်ထားပါ၊သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့် ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။

Thursday, August 27, 2009

ချောကလက်ပူပူတစ်ခွက်

ပညာတတ်ဘွဲ့ ရ ကျောင်းနေဖက်လည်းဖြစ်၊ ဆိုင်ရာလုပ်ငန်းအသီးသီးမှာ နေရာယူလုပ်ကိုင်နေကြသူ လူငယ်တစ်ခု သူတို့ ရဲ့ မိတ်ဆုံစားပွဲပြီးတဲ့အခါ ပင်စင်ယူသွားပြီဖြစ်တဲ့ တက္ကသိုလ်က ပါမောက္ခဟောင်းဆီကို သွားတွေ့ ကြတယ်။

ခဏတဖြုတ်စကားပြောပြီးတဲ့အခါ သူတို့ အလုပ်တွေအကြောင်း ငြီးတွားလာကြတယ်

သူ့ တပည့်တွေကို ချောကလက် ပူပူနဲ့ ဧည့်ခံဖို့ ပါမောက္ခကြီး မီးဖိုချောင်ထဲဝင်သွားလေရဲ့။ ပြန်ထွက်လာတော့ ချောကလက်ပူတွေထည့်တားတဲ့ အိုးကြီးရယ်၊ ခွက်မျိုးစုံရယ် ယူပြီးထွက်လာတယ်။ ခွက်တွေကလည်း အစုံပေါ့။ ဖန်ခွက်၊ ကြွေခွက်၊ မြေခွက်၊ တန်ဖိုးကြီးကြီး ဈေးကြီးပေးဝယ်ရတဲ့ခွက်တွေ၊ ကွဲလွယ်တဲ့ခွက်တွေ - အိုး စုံလို့ ပါပဲ။
"ကိုယ့်ဘာသာ ကိုယ်သာ လိုသလို ထည့်သောက်ကြတော့ကွာလို့ " ပြောရှာတယ်။

ကိုယ်စီကိုယ်စီ ချောကလက်ပူပူတစ်ခွက်စီ သောက်နေတဲ့အချိန်မှာ ပါမောက္ခကြီး စကားဆိုလာတယ်။ "သတိထားကြည့်ကြစမ်း - တန်ဖိုးကြီးကြီး၊ ခွက်လှလှလေးတွေ အားလုံးကိုယူပြီး ရိုးရိုးခွက်တွေ၊ ဈေးပေါပေါခွက်တွေတော့ ချန်ထားခဲ့ကြတယ်မဟုတ်လား။ ကိုယ့်ကိုကိုယ်အကောင်းဆုံးကိုပဲ
လိုချင်ကြတယ်ဆိုတာ သဘာဝဆိုပေမယ့်အဲဒါကမင်းတို့အခုပြောနေတဲ့ ပြဿနာတွေ စိတ်ဖိစီးမှုတွေရဲ့ အဓိက ရင်းမြစ်ပဲ..."

"ထည့်သောက်တဲ့ခွက်က ထည့်ထားတဲ့ ချောကလက်ပူပူရဲ့ အရသာနဲ့ ဘာမှပါတ်သတ်မှ မရှိဘူး... ပိုပြီးဈေးကြီးတာပဲရှိပြီးတော့ ဘာသောက်နေတယ်ဆိုတာကိုတောင် သတိထားမိရဲ့လား"

"အစကတော့ မင်းတို့ တကယ်သောက်ချင်တာ ချောကလက်တစ်ခွက်ပါပဲ။ ခွက်မဟုတ်ဘူးလေ။ ဒါပေမယ့် အကောင်းဆုံးခွက်ကို ဦးစားပေးရွေးချယ်ကြတယ်။ ပြီးတော့ တစ်ယောက်ခွက်တစ်ယောက် လိုက်ကြည့်နေကြတယ်။"

"ဘဝဆိုတာ ချောကလက်ပူပူနဲ့ တူတယ်ကွ... မင်းတို့ အလုပ်၊ ငွေ၊ ရာထူးဂုဏ်တွေ ကတော့ အဲဒီချောကလက်ကိုထည့်သောက်တဲ့ ခွက်နဲ့ တူတယ်ကွ၊ အဲဒါတွေက မင်းတို့ဘဝကို ကိုင်တွယ်ဖြေရှင်းဖို့အသုံးခံပစ္စည်းပါပဲကွာ၊ ပြီးတော့ အဲဒီခွက်နဲ့ တူတဲ့အရာတွေနဲ့ မင်းတို့ ဘဝရဲ့ အရည်အသွေးကို အဓိပ္ပါယ်ဖွင့်မပေးနိုင်သလို ပြောင်းလဲအောင်လဲမလုပ်နိုင်ပါဘူးကွာ" ........

ဟုတ်ပါတယ် ...
တစ်ခါတလေမှာ ထည့်သောက်မယ့် ခွက်ကို အာရုံစိုက်နေရင်းနဲ့  ဘဝချောကလက်ပူပူကို ခံစားနိုင်ဖို့ အခွင့်အရေးတွေ ဆုံးရှူံးသွားခဲ့ရပါတယ်။ လူတိုင်းလူတိုင်းမှာ ချောကလက်ပူပူတစ်ခွက်စီ ခံစားဖို့ ပိုင်ဆိုင်ပြီးသားပါ။ ဒါပေမယ့် ထည့်သောက်မယ့် ခွက် ကိုသာရွေးနေမိပါတယ်။ ဘဝမှာ အပျော်ဆုံးလူဆိုတာ အကောင်းဆုံးတွေကိုပဲ ရနေတဲ့လူ၊ ရှိနေတဲ့လူ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတာကို အကောင်းဆုံးလုပ်နိုင်တဲ့လူကသာ အပျော်ဆုံးလူပါပဲ။

ဒါကြောင့်...
ရိုးရှင်းစွာနေထိုင်ပါ။ နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပါ။ လေးလေးနက်နက် ဂရုစိုက်တတ်ပါ။ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပြီးတော့ ဘဝချောကလက် ပူပူလေးကို ခံစားကြည့်လိုက်ပါ။

အင်္ဂလိပ် မူရင်း - ဒီကပါ
ဘာသာပြန်သူ - Chocothazin ဒီမှာပါ